Thailand

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးမှုကြောင့် ထိုင်းနိုင်ငံသား များ ခရီးသွားမှု မြင့်တက်လာနိုင်

Last Updated:

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးမှုသည် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်သွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံ သားများ တရုတ်နိုင်ငံသို့ သွားရောက်လည် ပတ်မှု ၁၀ ရာခိုင်နှုန်းထိ မြင့်တက်နိုင်သော်လည်း တရုတ်နိုင်ငံသားများ ထိုင်းနိုင်ငံသို့ လာရောက်မှုသည် အစိုးရ၏ ခန့်မှန်းထားချက် ၈.၂ သန်းသို့ မရောက်ရှိနိုင်သေးကြောင်း ထိုင်းခရီးသွားလုပ်ငန်းရှင် များ အသင်း၏ ဥက္ကဋ္ဌ Mr. Sisdivachr Cheewarattanaporn က ပြောကြားခဲ့ပါသည်။

အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကြောင့် ဈေးကွက်ခိုင်မာလာပြီး နှစ်နိုင်ငံ လေကြောင်းလိုင်းများတွင်လည်း ထိုင်ခုံအရေအတွက်များ တိုးမြင့်လာနိုင်ကြောင်း၊ ဂျပန်နိုင်ငံက ထိုင်းနိုင်ငံသားများ အတွက် ဗီဇာကင်းလွတ်ခွင့် ပေးခဲ့သဖြင့် ၂၀၁၉ ခုနှစ်တွင် ထိုင်းခရီးသွားများ ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်မှုသည် ၁ သန်းထိ ရှိခဲ့ပြီး အောင်မြင်သော စမ်းသပ်မှုအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့ကြောင်း၊ ခရီးသွားများ တိုးတက်လာမှုသည် လေယာဉ်ပျံသန်းမှု အကန့်အသတ် ရှိသကဲ့သို့ ဈေးနှုန်းမှာလည်း ကပ်ရောဂါမတိုင်မီကထက်ပင် များနေသေးကြောင်း၊ ဗီဇာကင်းလွတ်ခွင့် ပေးထားသော်လည်း တရုတ် ခရီးသွားများဝင်ရောက်မှုသည် ၂၀၂၄ ခုနှစ်အတွက် အစိုးရ၏ ခန့်မှန်းချက် ၈.၂ သန်းသို့ ရောက်ရှိရန် စိန်ခေါ်မှုရှိနေသေးကြောင်း Mr. Sisdivachr က ဆက်လက်ပြောကြားပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းနေမှုနှင့် တရုတ်နိုင်ငံသားများ၏ ၎င်းတို့နိုင်ငံတွင်း သွားရောက်လည်ပတ်မှုကို အားသန်နေသောကြောင့် တရုတ်ခရီးသွားများ ဝင်ရောက်မှုသည် ယခုနှစ်အတွင်း ၆-၇ သန်းသာ ရှိနိုင်ကြောင်း၊ တရုတ်နှစ်သစ်ကူးကာလဖြစ်သည့် ဇန်နဝါရီလကုန်မှ ဖေဖော် ဝါရီလအစောပိုင်းအတွင်း စင်းလုံးငှားနှင့် ကြိုတင်စီစဉ်ထားသော လေယာဉ်များဖြင့် တရုတ်ခရီးသွားများ သိသိသာသာဝင်ရောက်လာခဲ့ပါက ယခုနှစ် ကျန်လများအတွက် အခြေအနေကောင်းမွန်ပါကြောင်း၊ နှစ်စဉ် ဥရောပသားများစွာ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ကြသဖြင့် ထိုင်းနိုင်ငံသားများ Schengen ဗီဇာလျှောက်ထားရန် လိုအပ်ချက်နှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် ဥရောပသမဂ္ဂနှင့် ဆွေးနွေးသင့်ကြောင်း သုံးသပ်အကြံပြုပါသည်။

ဗီဇာကင်းလွတ်ခွင့်ကြောင့် လျှောက်လွှာတင်သွင်းသည့် အခကြေးငွေ သက်သာရုံသာမက ဗီဇာခွင့်ပြုချက်အတွက် စိတ်ပူစရာမလိုသဖြင့် နိုင်ငံပြင်ပခရီးသွားမည့် အစီအစဉ်များကိုပါ မြင့်တက်စေ ကြောင်း၊ တရုတ်သည် လည်ပတ်ရန် နေရာများနှင့် အစားအစာများ ပေါများပါကြောင်း၊ ခရီးသွားပက်ကေ့ချ်များသည် ၄-၅ ရက်ကြာမြင့်တတ်ပြီး ထိုင်းနိုင်ငံသားသည် Songkran ပွဲတော် အားလပ်ရက်များတွင် ပြည်ပသို့ ခရီးသွားလေ့ရှိကြောင်း Mr. Sisdivachr က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand