USA

အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရသည်မှာ ခက်ခဲလာ

Last Updated:

အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရသည်မှာခက်ခဲမှုရှိလာကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၃-၁-၂၀၂၄ ရက်နေ့၌ “Finding a New Job Is Getting Harder” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

၂၀၂၃ ခုနှစ် နှစ်စပိုင်းတွင် ခေါ်ယူခဲ့သည့် အလုပ်အရေအတွက်အောက် နှစ်ကုန်ပိုင်းတွင် ခေါ်ယူသည့် အလုပ်အရေအတွက်မှာ (၁၅) ရာခိုင်နှုန်းနည်းပါးခဲ့သည်ဟု အလုပ်ခေါ်ယူမှုများနှင့် ပတ်သက်၍ ရှာဖွေနိုင်သည့် Indeed ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါကြောင်း၊ Indeed ဝက်ဘ်ဆိုက် အချက်အလက်များအရ အလုပ်အကိုင်ခေါ်ယူမှုသည် ကိုဗစ်-၁၉ မတိုင်မီကထက် မြင့်တက်လာခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်၊ မတ်လတွင် အလုပ်အကိုင်အရေအတွက် (၂၂) သန်းအထိ ခေါ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် (၈.၈) သန်းသာခေါ်ယူခဲ့သဖြင့် အလုပ်ခေါ်ယူမှုကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၏ အလုပ်အကိုင်အစီရင်ခံစာကို ၅-၁-၂၀၂၃ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သွားမည်ဟု သိရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ် အလုပ်ခေါ်ယူမှုများသည် အထူးသဖြင့် သူနာပြု၊ ကလေးသူငယ်စောင့်ရှောက်ရေး၊ အစားအစာဝန်ဆောင်မှုနှင့် Bar တို့တွင် များပြား ကြောင်း၊ Software Development၊ ဈေးကွက်မြှင့်တင်ရေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်ခန့်ထားမှုနည်းပါးလာခဲ့ကြောင်း၊ ကလေးသူငယ် စောင့်ရှောက်ရေးလုပ်ငန်းများရှိ အလုပ်ခန့်ထားမှုသည် ၂၀၂၂ ခုနှစ်တွင် ကျဆင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် အဆိုပါကဏ္ဍ၌ အလုပ်ခန့်ထားမှုသည် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက (၄၆) ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း၊ အလားတူပင် အစားအစာပြင်ဆင်ချက်ပြုခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် အလုပ်ခေါ်ယူမှု ကျဆင်းခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီ ကာလနှင့် နှိုင်းယှဉ်ပါက (၂၃) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ လုပ်သားအခြေပြုအလုပ်အကိုင်များသည် ၂၀၂၃ ခုနှစ်တွင် သုံးပုံတစ်ပုံခန့် ကျဆင်းခဲ့ကြောင်း၊ ယခုကာလသည် အလုပ်သမားပြတ်လပ်မှုအတွက် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိလာနေပြီဟု ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell ကပြောကြားခဲ့ပြီး အလုပ်အကိုင်ခေါ်ယူမှု၊ အလုပ်ခွင်အတွင်း ဝင်ရောက်သူအရေအတွက်နှင့် အလုပ်မှနုတ်ထွက်သူအရေအတွက် စသည်တို့ကြောင့် အလုပ်သမားဈေးကွက်သည် ဘက်မျှမှု ရှိလာပြီဟု ၎င်းကပြောကြားခဲ့ကြောင်း၊  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အလုပ်မှနုတ်ထွက်သူ (၂.၂) ရာခိုင်နှုန်းရှိသည်ဟု အလုပ်သမားဝန်ကြီးဌာနက ဖော်ပြခဲ့ကြောင်း၊ ဤအချက်မှာ အလုပ်သမား များအနေဖြင့် အခြားနေရာတွင် အလုပ်ရှာဖွေရန် ယုံကြည်မှုလျော့နည်း လာခြင်းကြောင့် ဖြစ်သည်ဟုသိရှိရပါကြောင်း၊ အချို့ ကုမ္ပဏီကြီးများကလည်း ဝန်ထမ်းလျော့ချမှုများ ပြုလုပ်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း၊ Xerox ကုမ္ပဏီအနေဖြင့် ၎င်း၏ဝန်ထမ်းအရေအတွက်ကို (၁၅) ရာခိုင်နှုန်းသို့ လျော့ချသွားမည်ဖြစ်ကြောင်း၊ အမေရိကန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်ပါက အလုပ်သမားလျော့ချမှု နည်းပါးပြီး ၂၀၂၃ ခုနှစ် ဝန်ထမ်းလျော့ချမှုပမာဏသည် ၂၀၂၂ ခုနှစ်ပမာဏ အတိုင်း ပြောင်းလဲမှုမရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA