Thailand

ထိုင်းနိုင်ငံ၏ လယ်ယာကဏ္ဍတွင် အားနည်းနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လေ့လာသုံးသပ်

Last Updated:

ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အားနည်းနေပြီး အိမ်ထောင်စုများတွင်လည်း ကြွေးမြီများ ရှိနေသဖြင့် အရွေ့တစ်ခုနှင့် သိသာသော ချိန်ညှိမှုများ လိုအပ်လျက်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနက လေ့လာသုံးသပ်ထားပါသည်။

စိုက်ပျိုးရေးကဏ္ဍရှိ အိမ်ထောင်စုများ၏ ဝင်ငွေတိုးမြှင့်နိုင်ရေးအတွက် ၎င်းတို့၏ စီးပွားရေး အခြေအနေကို လေ့လာရန် ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးကို ဝန်ကြီးက တာဝန်ပေးအပ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံ GDP ဘတ် ၁၇.၄ ထရီလီယံတွင် စိုက်ပျိုးရေးကဏ္ဍမှ ၁.၅၃ ထရီလီယံ ပါဝင်ပါကြောင်း၊ နိုင်ငံအနေဖြင့် ရေသွင်းစိုက်ပျိုးမြေ ဧက ၃၄.၉ သန်း အပါအဝင် စိုက်ပျိုးဧက ၁၅၀ သန်းထိ မြှင့်တင်နိုင်ခဲ့ကြောင်း၊ လယ်ယာစိုက်ပျိုးရေးဧရိယာသည် နိုင်ငံ့ကုန်းမြေ၏ ၄၆.၇ ရာခိုင်နှုန်း ဖြစ်ပြီး လူဦးရေ ၁၁.၆ သန်း လုပ်ကိုင်နေကြပါကြောင်း၊ စုစုပေါင်း လုပ်သားအင်အား၏ ၂၉.၃ ရာခိုင် နှုန်းကို ကိုယ်စားပြုကြောင်း သိရှိရပါသည်။

စိုက်ပျိုးဧရိယာ၏ ၄၃.၇ ရာခိုင်နှုန်းသည် ဆန်စပါးစိုက်ပျိုးခြင်းဖြစ်ပြီး ဧက ၆၅.၄ သန်း ဖြစ်ကြောင်း၊ ဥယျာဉ်ခြံနှင့် နှစ်ရှည်ပင်ခြံများမှာ ဧက ၃၉.၄ သန်း၊ ကောက်ပဲသီးနှံများမှာ ဧက ၃၀.၉ သန်း၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်စိုက်ဧကမှာ ၁.၁ သန်း နှင့် အခြားရည်ရွယ်ချက်ဖြင့် အသုံးပြုသည့် မြေမှာ ဧက ၁၃ သန်း ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှုကုန်ကျစရိတ်သည် တဖြည်းဖြည်း မြင့်တက် လာပါကြောင်း၊ ဓာတုဓာတ်မြေဩဇာ တင်သွင်းမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာပါကြောင်း၊ ၎င်းအတွက် တင်သွင်းမှု ဘတ် ၁၀၃ ဘီလီယံ အပါအဝင် စိုက်ပျိုးရေးအတွက် တင်သွင်း ပစ္စည်းမှာ ဘတ် ၁၂၉  ဘီလီယံဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။

စိုက်ပျိုးရေးကြောင့် လယ်သမားအိမ်ထောင်စုများ ဝင်ငွေတိုးတက်လာသကဲ့သို့ ကြွေးမြီများလည်း မြင့်တက်လာပါကြောင်း၊ လေ့လာတွေ့ရှိချက်များအရ စိုက်ပျိုးရေးကဏ္ဍနှင့် တောင်သူများ၏ ဝင်ငွေမြှင့်တင်ရန် မဟာဗျူဟာများလိုအပ်နေသည်ကို မီးမောင်းထိုးပြနေပါကြောင်း၊ စိုက်ပျိုးရေးထုတ် ကုန်များစွာထွက်ရှိရန်၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကို မြှင့်တင်ရန်၊ သုတေသနနှင့် ဖွံ့ဖြိုးမှုကို ဘဏ္ဍာငွေလျာထားရန်၊ စိုက်ပျိုးခရီးသွားပုံစံမြှင့်တင်ရန်၊ စမတ်ကျသော စိုက်ပျိုးရေးစနစ်ကို မြှင့်တင် ရန်၊ e-commerce ကို မိတ်ဆက်ရန်နှင့် လူမှုကွန်ယက်ကို အသုံးပြု၍ ထုတ်ကုန်များကို ပြသသွားရန်ဖြစ်ကြောင်း၊ လယ်သမားများအတွက် စီးပွားရေးအလားအလာကောင်းများ ဖော်ထုတ်ပေးနိုင်ရေး အဖွဲ့ ခွဲတစ်ခု ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း ကုန်သွယ်ရေး မူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand