USA

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလီယံ(၂၀၀)အထိဝင်ရောက်ခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ (၂၀၀) အထိ ဝင်ရောက်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်၌ ၄-၁-၂၀၂၄ ရက်နေ့တွင် “U.S. Commerce Department Announces $200 Billion Milestone in Foreign Direct Investment” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

SelectUSA အစီအစဉ်ကို ၂၀၁၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အချိန်မှ စတင်၍ အမေရိကန်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment – FDI) အမေရိကန် ဒေါ်လာ ဘီလီယံ (၂၀၀) အထိဝင်ရောက်ခဲ့ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် အမေရိကန်နိုင်ငံတစ်ဝှမ်း အလုပ်အကိုင်ပေါင်း (၂) သိန်းကျော်ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဤသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဘီလီယံ(၂၀၀) ဝင်ရောက်လာခြင်းသည် သမ္မတဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် အခြေခံအဆောက်အအုံ ဥပဒေ (Infrastructure Law) ၊ CHIPS and Science Act နှင့် ငွေကြေးဖောင်းပွမှု လျော့ချရေးအက်ဥပဒေ (Inflation Reduction Act) တို့ကိုပြဋ္ဌာန်းပြီး ‘အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု’ အစီအစဉ်အရ ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း အောင်မြင်မှုများ ဖြစ်ကာ အဓိကအရေးပါသည့်ကဏ္ဍများတွင် အမေရိကန်နိုင်ငံသားများအတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့်အလုပ်အကိုင်များဖန်တီးပေးခြင်းနှင့် အမေရိကန် နိုင်ငံတစ်ဝှမ်း နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအတွက် ဆွဲဆောင်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ SelectUSA အစီအစဉ်သည် အမေရိကန်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေး ဆွဲဆောင်ရာတွင် အရေးပါသည့်နည်းလမ်းတစ်ခု ဖြစ်ပြီး ယင်းသို့နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် လုပ်ခလစာကောင်းမွန် သည့် အလုပ်အကိုင်များကို ဖန်တီးပေးနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်သည် သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ SelectUSA အစီအစဉ်နှင့်ပတ်သက်၍ ထူးခြားဆန်းသစ်သည့်နှစ်တစ်နှစ်ဖြစ်ပြီး အမေရိကန်နိုင်ငံ အတွက် အရေးပါသောကဏ္ဍများဖြစ်သည့် Semiconductor နှင့် Clean Energy တို့တွင် ရင်းနှီးမြှုပ်နှံရန် အားပေးဆောင်ရွက် နိုင်ခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က ပြောကြားခဲ့ပါကြောင်း၊ ၂၀၂၃ နှစ်တွင် SelectUSA အစီအစဉ်အရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၅၅) ဘီလီယံ နှင့် အလုပ်အကိုင်ပေါင်း (၃၅,၀၀၀) ကျော်ဖန်တီး ပေးနိုင်ခဲ့ပါကြောင်း၊ ဤပမာဏသည် ၂၀၁၁ ခုနှစ် SelectUSA အစီအစဉ်စတင်သည့်အချိန်မှ ယနေ့အထိ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ လေးပုံတစ်ပုံကျော်ရှိပါကြောင်း၊ ဤအစီအစဉ်အရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများတွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တွင် Rare Earths Facilities နှင့် ကန်းဆက်ပြည်နယ်တွင် Lithium-ion batteries ထုတ်လုပ်သည့်စက်ရုံများပါဝင်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသည် (၁၁) နှစ်ဆက်တိုက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကောင်းဆုံး နေရာအဖြစ် သတ်မှတ်ခံခဲ့ရပြီး စီးပွားရေးလေ့လာဆန်းစစ်မှုဗျူရို (Bureau of Economic Analysis) ၏ အချက်အလက်များအရ အမေရိကန်နိုင်ငံသားများအတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု သည် တိုက်ရိုက်နှင့် သွယ်ဝိုက်၍ ဖန်တီးပေးသည့် အလုပ်အကိုင်ပေါင်း (၁၅)သန်းရှိကြောင်း သိရှိရပါသည်။

SelectUSA အစီအစဉ်သည် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်သည့် အစီအစဉ်ဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအုပ်ချုပ်ရေးဌာန (International Trade Administration – ITA) သည် SelectUSA အစီအစဉ်အရ အမေရိကန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့် ဖက်ဒရယ်အစိုးရ၏ သက်ဆိုင်ရာ ဌာနများအကြား ဆက်သွယ်ဆောင်ရွက်ပေးခြင်းနှင့် အမေရိကန်နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏ အရေးပါမှုကို အသိပညာဖြန့်ဝေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်နှင့် လွယ်ကူချောမွေ့စေရေး ဆောင်ရွက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ SelectUSA အစီအစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဖွဲ့အစည်းများကို အချက် အလက်များရရှိရန်၊ နိုင်ငံတကာ ဈေးကွက်မြှင့်တင်ရေးအစီအစဉ်ချမှတ်နိုင်ရန် နှင့် High level advocacy ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံတကာဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်ရန် ကူညီပေးလျက်ရှိပြီး စီးပွားရေးလုပ်ငန်းများအား ပြည်တွင်းမှလုပ်ငန်းရှင်များနှင့်ချိတ်ဆက်နိုင်ရန်၊ ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်၊ ဖက်ဒရယ် အစိုးရ၏ ဥပဒေလုပ်ထုံးလုပ်နည်းစနစ်များကို သိရှိနိုင်ရန်နှင့် ပြဿနာများအတွက် အဖြေရှာနိုင် ရန်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း လေ့လာသိရှိရ ပါသည်။

‘အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု’အစီအစဉ်နှင့် အခြေခံအဆောက်အအုံ ဥပဒေ (Infrastructure Law) ၊ CHIPS and Science Act နှင့် ငွေကြေးဖောင်းပွမှု လျော့ချရေးအက်ဥပဒေ (Inflation Reduction Act)  တို့ပြဋ္ဌာန်းခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်အတွင်း ရရှိခဲ့သည့် အောင်မြင်မှုများအဖြစ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာကာ နိုင်ငံသားများအတွက်အလုပ်အကိုင်များဖန်တီးပေးနိုင်ခဲ့ကြောင်း အထူးပြုဖော်ပြကာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ရည်မှန်းလျက်မှတ်တမ်းပြုလိုခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

(စီပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA