Thailand

ထိုင်းနိုင်ငံ၊ ပို့ကုန်လုပ်ငန်းရှင်များကောင်စီ၏ ၂၀၂၄ ခုနှစ်အတွက် ပို့ကုန်ခန့်မှန်းချက်သည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း ကြားရှိ

Last Updated:

ထိုင်းနိုင်ငံ၏ ယခုနှစ် ပို့ကုန်ခန့်မှန်းချက်သည် ၁-၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ သို့သော် ထိုင်းနိုင်ငံ၏ ပို့ကုန်လုပ်ဆောင်ချက်အပေါ် တန်ပြန်သက်ရောက်လာနိုင်သည့် ပင်လယ်နီအတွင်း ပဋိပက္ခကဲ့သို့သော မခန့်မှန်းနိုင်သည့် ကိစ္စရပ်များစွာရှိနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Chareonsuk ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဇန်နဝါရီလအတွင်း ပို့ကုန်တန်ဖိုးသည်အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံဖြစ်သဖြင့် ယခင်နှစ်ကာလတူ ကုန်သွယ်မှုပမာဏနှင့် တူညီပါကြောင်း၊ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံမှ၂၂ ဘီလီယံခန့်ရှိနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ မတ်လအတွက် ခန့်မှန်းချက်မှာမူ ယခင်နှစ် ပို့ကုန်ပမာဏသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးပို့ကုန်ကြောင့် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံထိ ရောက်ရှိခဲ့ပြီးမြင့်မားခဲ့သဖြင့် စိန်ခေါ်မှုဖြစ်နိုင်ပါကြောင်း၊  ယခုနှစ်တွင် မိုးခေါင်မှုကြောင့် သစ်သီးထုတ်လုပ်မှု နှောင့်နှေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပင်လယ်နီပဋိပက္ခသည် သင်္ဘာလုပ်ငန်းများကို ထိခိုက်ခဲ့ပြီး နေ့စဉ်ကုန်သေတ္တာသင်္ဘောလမ်းကြောင်းသည် ၁၀၀-၁၂၀ မှ ၅၀ သို့ ကျဆင်းခဲ့ပါကြောင်း၊ အခြေအနေသည် ကြာရှည်ပြီး ကူးစက်လာမည်ဆိုပါက သင်္ဘောတင်ပို့ခနှုန်းထား ၄ ဆ ၅ ဆ မြင့်တက်လာသကဲ့သို့ ထုတ်လုပ်မှု ကုန်ကျစရိတ်များလည်း မြင့်တက်လာနိုင်ကြောင်း၊ သင်္ဘောတင်ပို့ခများသည် မြင့်မားနေဆဲဖြစ်ပြီး ပထဝီနိုင်ငံရေးပဋိပက္ခများအပြင် တရုတ်နှစ်သစ်ကူးကြောင့် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့်လည်းဖြစ်ကြောင်း၊ ပွဲတော်ကာလပြီးမြောက်ပါက အခြေအနေသည် သက်သာလာနိုင်ခြင်း ရှိ-မရှိ ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပြင်းထန်လာသည့် ပထဝီနိုင်ငံရေး ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေးပြန်လည်ကောင်းမွန်လျက်ရှိသည့် အရှေ့အလယ်ပိုင်း၊ တောင်အာဖရိကနှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများကို စီးပွားရေးအရ စိန်ခေါ်မှုများရှိနေသည့် အဓိက ကုန်သွယ်ဖက်နိုင်ငံများနေရာတွင် အစားထိုးခြင်းဖြင့် ဈေးကွက်သစ်များရှာဖွေမှုကို အရှိန်မြှင့်တင်ရန်လိုအပ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုခိုင်မာခြင်းဖြင့် အခြေအနေများ တိုးတက်လာနိုင်ကြောင်း Mr. Chaichan က သုံးသပ်အကြံပြုထားပါသည်။

ဒီဇင်ဘာလအတွင်း ပို့ကုန်သည် ၅ လမြောက်အဖြစ် မြင့်တက်ခဲ့ပါကြောင်း၊ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၂.၈ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၁.၈ ဘီလီယံ  ဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ အမေ ရိကန်ဒေါ်လာ ၉၇၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈၅ ဘီလီယံ၊ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံ၊ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၁၉ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကပို့ကုန်တိုးတက်မှုကို အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံသို့ ရောက်ရှိရန် ခန့်မှန်းထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်း၊ ပွဲတော်ကာလများတွင် ဝယ်လို အားမြင့်တက်လာနိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်ကို တိုးမြှင့်ခန့်မှန်းထားသော်လည်း ပထဝီနိုင်ငံရေးအခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များအပေါ်တွင် စိုးရိမ်မှုရှိနေဆဲဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand