Germany

ဂျာမန် ကားထုတ်လုပ်သည့်လုပ်ငန်းများ ယုံကြည်မှုအချို့ ပြန်လည်ရရှိလာ

Last Updated:

ဂျာမနီနိုင်ငံ စီးပွားရေး၏ အဓိက မောင်းနှင်အားများထဲမှတစ်ခုဖြစ်သော ဂျာမန်ကားထုတ်လုပ်သည့်လုပ်ငန်းသည် မကြာသေးမီအချိန်ကနှင့် မတူတော့ဘဲ ယုံကြည်မှုအပြည့်ဖြင့် အနာဂတ်ကို ပုံဖော်နေပြီဖြစ်ကြောင်း မြူးနစ်အခြေစိုက် စီးပွားရေးသုတေသနအဖွဲ့ Ifo Institute က ပြောကြားခဲ့သည်။

ယင်းကဏ္ဍရှိ စီးပွားရေးအညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် (-၉.၉) မှတ်သို့ ကျဆင်းနေခဲ့ရာမှ  မတ်လတွင် (-၅.၈) မှတ်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။

ဂျာမန် မော်တော်ကားလုပ်ငန်းများအနေဖြင့် နောက်ဆုံးကြုံတွေ့ ကျော်ဖြတ်ခဲ့ရသော စီးပွားရေးအနိမ့်ကျဆုံးဖြစ်ခဲ့သည့် ၂၀၂၃ ခုနှစ်၏ ဒုတိယနှစ်ဝက်အချိန်ကို ပြန်လည်မြင်ယောင်ကာ ယခုအချိန်တွင် ၎င်းတို့အနေဖြင့် အနာဂတ်ကို ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း Ifo Institute မှ သုတေသီဖြစ်သူ Ms. Anita Wölfl က ပြောကြားခဲ့သည်။

ပို့ကုန်အလားအလာသည် ၁၃.၈ မှတ်မှ ၂၃.၇ မှတ်အထိ ခုန်တက်သွားခြင်းဖြင့် အပြု သဘောဆောင်သော တိုးတက်မှုကို ပြသနိုင်ခဲ့ကာ ယင်းမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ နောက်ပိုင်းမှ ယခုအချိန်အထိကာလအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

ယင်းသို့ ပို့ကုန်အလားအလာ တိုးတက်လာရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ဂျာမနီ၏ အဓိက ပို့ကုန်ဈေးကွက်နှစ်ခုဖြစ်သော အမေရိကန်နှင့် တရုတ်တို့တွင် အပြုသဘောဆောင်သော တိုးတက်မှုများရှိလာခြင်း ဖြစ်ပုံရကြောင်း ဖော်ပြထားပါသည်။ ထုတ်လုပ်သူအနည်းငယ်ခန့်ကသာ ထောက်ပံ့ရေးကွင်းဆက်ပြဿနာများကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဂျာမန် မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းများအကြား အပြုသဘောဆောင်သော အမြင်သည် ၂၀၂၄ ခုနှစ်တွင် တိုးတက်မှု နိမ့်ကျလိမ့်မည်ဟု ခန့်မှန်းထားသော ဂျာမန်စီးပွားရေးအတွက် အကျိုးရှိစေနိုင်မည်ဖြစ်ပါသည်။

သို့သော်လည်း လက်ရှိအခြေအနေအပေါ် ကားထုတ်လုပ်သူများ၏ အကဲဖြတ်ချက်အရ စီးပွားရေးညွှန်းကိန်းသည် ၁၁.၉ မှတ်မှ ၈.၁ မှတ်သို့ အနည်း ငယ်ကျဆင်းသွားကြောင်း ဖော်ပြထားပါသည်။

 

Source: https://www.dw.com/en/german-car-industry-regains-some-confidence/a-68727548

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany