Germany

ဂျာမနီ၏ ငွေကြေးဖောင်းပွမှုသည် မတ်လတွင် ထပ်မံကျဆင်းခဲ့

Last Updated:

ဂျာမနီ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျဆင်းသွားခဲ့ကြောင်း ဂျာမန် စာရင်းအင်းအေဂျင်စီ Destatisက ၁-၄-၂၀၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တစ်နှစ်ထက်တစ်နှစ် စားသုံးသူစျေးနှုန်း ၂.၅ ရာခိုင်နှုန်းရှိခဲ့သော ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက မတ်လတွင် ၂.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကို တွေ့ရှိနိုင်ပေသည်။ ၎င်းသည် ငွေကြေးဖောင်းပွမှု ၂ ရာခိုင်နှုန်းရှိခဲ့သော ၂၀၂၁ ခုနှစ်၊ ဧပြီလနောက်ပိုင်းကာလအတွင်း အနိမ့်ဆုံးကိန်းဂဏန်းဖြစ်ပါသည်။ ယခုနှစ် ဇန်နဝါရီလ၏ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၉ ရာခိုင်နှုန်း ဖြစ်ပါသည်။

စွမ်းအင်စျေးနှုန်းများ ကျဆင်းလာခြင်းကလည်း ငွေကြေးဖောင်းပွမှု အားနည်းလာစေရန် တွန်းအားပေးခဲ့သည်။ ယခုနှစ်အစတွင် စွမ်းအင်စျေးနှုန်း သတ်မှတ်ချက်များ သက်တမ်းကုန်ဆုံးပြီး CO2 (၁) တန်၏ ဈေးနှုန်းမှာ ၄၅ ယူရို (အမေရိကန်ဒေါ်လာ ၄၈.၃၆) အထိ မြင့်တက်လာသော်လည်း မတ်လ၏ စွမ်းအင်ဈေးနှုန်းမှာမူ ၂.၇ ရာခိုင်နှုန်းခန့် သက်သာလာခဲ့သည်။

ING Bank မှ သုတေသီဖြစ်သူ Mr. Carsten Brzeski က ဂျာမနီ၏ ငွေကြေးဖောင်းပွမှုမှာ ဧပြီလတွင်၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပြီး နောင်လာမည့်လများ၌ ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ပြန်လည်မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ငွေကြေးဖောင်းပွမှု ဆက်လက်နှေးကွေးနေခြင်းသည် ဥရောပဗဟိုဘဏ် (ECB)မှ အတိုးနှုန်း မြှင့်တင်လိုက်ခြင်း၏ သက်ရောက်မှုတစ်ရပ်ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ငွေကြေးဖောင်းပွမှုကို တုံ့ပြန်ထိန်းချုပ်နိုင်ရေးအတွက် ECB သည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ အတိုးနှုန်းကို မြှင့်တင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ECB ၏ ဥက္ကဋ္ဌ ဖြစ်သူ Ms. Christine Lagarde က အတိုးနှုန်းကို ပြန်လည်လျှော့ချရန် အချိန်နောက်ကျမှ ဆောင်ရွက်ပါက အန္တရာယ်ဆိုးကျိုးများ ရှိလာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

 

 

Source:   https://www.dw.com/en/inflation-in-germany-drops-again-in-march/a-68722363

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany