Thailand

ထိုင်းနိုင်ငံထွက်သစ်သီးများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှု ၁၀ ရာခိုင်နှုန်းမြင့်တက်

Last Updated:

နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လွယ်ကူချောမွေ့လာမှုကြောင့် ကုန်းလမ်းဖြင့် ကုန်စည်စီး ဆင်းမှု ပိုမိုကောင်းမွန်လာသဖြင့် ထိုင်းနိုင်ငံမှ လတ်ဆတ်သော သစ်သီးများ တရုတ်နိုင်ငံ သို့ တင်ပို့နိုင်မှုသည် ၁၀ ရာခိုင်နှုန်းထိ မြင့်တက်လာပါကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သစ်သီးများ တန်ချိန် ၂.၂၅ သန်းဖြင့် ၂.၇ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ သစ်သီးများ တန်ချိန် ၂.၅ သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပြီး ဒူးရင်းသီးသည် ၈၀-၉၀ ရာခိုင်နှုန်းခန့်ဖြင့် သိသိသာသာ တိုးမြင့်လာနိုင်မည်ဟု မျှော် လင့်ပါကြောင်း၊ Mr. Keerati က ဆိုပါသည်။

Mr. Keerati ဦးဆောင်သောအဖွဲ့သည် တရုတ်နိုင်ငံ Youyi Guan စစ်ဆေးဂိတ်သို့မရောက်မီ ထိုင်းနိုင်ငံမှ ထွက်ရှိသော သစ်သီးများ တင်ပို့ရာတွင် အဓိကကျသော စစ်ဆေးရေးဂိတ်များ ဖြစ်သည့် ဗီယက်နမ် နိုင်ငံ၊ Lang Son ပြည်နယ်ရှိ Dong Dang ဘူတာနှင့် Huu Nghi အပြည်ပြည်ဆိုင်ရာ စစ်ဆေးရေးဂိတ်တို့တွင် သစ်သီးသယ်ပို့သည့် လမ်းကြောင်းများနှင့် လုပ်ငန်းစဉ်များကို စစ်တမ်းကောက်ယူခဲ့ပါကြောင်း၊ ယင်းစစ်တမ်းသည်လည်း ဧပြီလမှ ဩဂုတ်လအတွင်း သစ်သီးထုတ်လုပ်မှုအတွက် ပြင်ဆင်ရမည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ တိုင်းတာမှုတစ်ခုပင်ဖြစ်ကြောင်း ဆိုပါသည်။

ထိုင်းနိုင်ငံမှ ထွက်ရှိသော ဒူးရင်းသီးများကို တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် Dong Dang ရထားလမ်းကို အဓိကထား အသုံးပြုပါကြောင်း၊ နေ့စဉ် ထိုင်းမှတရုတ်၊ တရုတ်မှထိုင်းသို့ ရထား ၅ စီး ဖြင့် တင်ပို့လျက်ရှိပါကြောင်း၊ ဒူးရင်းရာသီတွင် နေ့စဉ် ကုန်သေတ္တာ ၁၀ လုံးမှ အလုံး ၂၀ ထိ တင်ပို့ လျက်ရှိကြောင်း နှင့် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှုအများဆုံး နိုင်ငံဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံသို့ အဓိက တင်ပို့သော သစ်သီးများမှာ Cavendish ငှက်ပျောသီးများ၊ အုန်းသီးနု များ၊ ဒူးရင်းသီးများ၊ နဂါးမောက်သီးများနှင့် လေချူသီးတို့ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံများအကြား နယ်စပ်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရေး နှင့် Hotline မှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်မှုဖြင့် ပြဿနာများ ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် အတွက် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ အရာရှိကြီးများပါဝင်သော သုံးပွင့်ဆိုင် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပြုထားကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Source: www.bangkok.gov

Category: Thailand