China (HongKong)

ဟောင်ကောင်ဒေသတွင် အနက်ရောင်မိုးမုန်တိုင်း (black rainstorm) ဝင်ရောက်တိုက်ခတ်ခဲ့

Last Updated:

စက်တင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီကျော်တွင် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနက်ရောင်မိုးမုန်တိုင်း (black rainstorm) သတိပေးချက် ထွက်ပေါ်လာခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟောင်ကောင်ဒေသရှိ မြို့ပြဒေသများအတွက် ရေကြီးမှုနှင့် ပျက်စီးမှုများဖြစ်ပွားသကဲ့သို့ ဟောင်ကောင်ကျွန်းပေါ်တွင် မြေပြိုမှုများဖြစ်ပွားခဲ့ပါသည်။

သောကြာနေ့ နံနက်ပိုင်းမှစတင်၍ မိုးသည်ထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် လမ်းများရေမြှုပ်ခြင်း၊ ကားသွားလာမှုများခက်ခဲခြင်း၊ ဈေးဝယ်စင်တာများနှင့် ရထားလမ်းများတွင် ရေကြီးနေခြင်းများဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၇ ဦး ဒဏ်ရာရရှိကာ၊  ၁ ဦး ပျောက်ဆုံးနေကြောင်း သိရှိရပါသည်။ 

နေ့လည်ပိုင်းတွင် မိုးရွာသွန်းမှုလျော့နည်းသွားသော်လည်း စိုစွတ်သည့် အခြေအနေမှာ ဒေသစံတော်ချိန် ညနေ ၆ နာရီအထိ ရှိမည်ဖြစ်ပါသည်။ ရာသီဥတုအခြေအနေကြောင့် ဒေသအာဏာပိုင်များအနေဖြင့် ကျောင်းများပိတ်ထားခြင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများအတွက် တိုင်ဖွန်းအဆင့်-၈ (T-8) ကဲ့သို့ အစီအစဉ်ဖြင့် ထားရှိရန် သက်ဆိုင်ရာမှ တိုက်တွန်းထားခဲ့ပါသည်။

ကြာသပတေးနေ့ည ၁၁နာရီ ၅ မိနစ်တွင် ထုတ်ပြန်ခဲ့သည့် အနက်ရောင်မိုးမုန်တိုင်း သတိပေးချက် အမြင့်ဆုံးအဆင့်ကို သောကြာနေ့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် Amber rainstorm အဆင့်သို့ လျှော့ချလိုက်ပြီဖြစ်ပါသည်။ ၁၆ နာရီကျော်ကြာမြင့်သည့် အဆိုပါ အမြင့်ဆုံးသတိပေးချက်ကြာမြင့်ချိန်သည် ဟောင်ကောင်ဒေသတွင် အကြာဆုံး အနက်ရောင်မိုးမုန်တိုင်း (black rainstorm)  သတိပေးချက်အဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။  ပြင်းထန်ရာသီဥတုအခြေအနေနှင့်စပ်လျဉ်း၍ ဟောင်ကောင်ဒေသအစိုးရ တာဝန်ရှိသူများအနေဖြင့် နေ့လယ် ၂ နာရီ ၃၀ မိနစ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)