Thailand

ချင်းမိုင်ခရီးသွားလုပ်ငန်းပိုင်ရှင်များက ချင်းမိုင်တွင် ဖြစ်ပေါ်လေ့ရှိသည့် မီးခိုးမြူများအတွက် အဖြေရှာရန် အစိုးရကို တိုက်တွန်းထား

Last Updated:

မီးခိုးမြူရာသီရောက်ရှိရန် နီးကပ်လာပြီဖြစ်သဖြင့် ချင်းမိုင်ခရီးသွားလုပ်ငန်းပိုင်ရှင်များက သန့်ရှင်းသောလေဥပဒေ (Clean Air Act) ပါအတိုင်း အရှိန်မြှင့်တင်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍမှ ဖြစ်ပွားသည့် လေထုညစ်ညမ်းမှုကို လျှော့ချမည့်နည်းလမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းထားပါသည်။

PM 2.5 သည် ရှုပ်ထွေးသော ပြဿနာရပ်ဖြစ်ပြီး ဥပဒေပါ ဆုပေးဒဏ်ပေး (Carrot and Stick) ပုံစံအပါအဝင် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်မှာ နယ်ပယ်အသီးသီးမှ ပါဝင်ဆောင်ရွက်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စည်းကမ်းကို လိုက်နာသူအတွက် အကျိုးရှိစေပြီး မလိုက်နာသူကို ဒဏ်ပေးသည့် ပုံစံမျိုးဖြစ်ကြောင်း၊ ဥပမာအားဖြင့် လယ်ယာများကို မီးမရှို့သည့် လယ်သမားများကို အစိုးရက ၎င်းတို့သီးနှံများအတွက် ဆုပေးသင့်ကြောင်း၊ ဥပဒေသည် သစ်တောထွက် ထုတ်ကုန်များကို မှီခိုအသက်မွေးဝမ်းကြောင်းပြုနေ‌သည့် တောင်သူများမှ သစ်တောများကို မီးရှို့ခြင်းကိုလည်း ကာကွယ်ပေးသင့်ကြောင်း၊ ဝင်ငွေအတွက် အခြားသော အလုပ်အကိုင်များရှာဖွေပေးသင့်ကြောင်း ချင်းမိုင်ခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဋ္ဌဖြစ်သူ Mr. Punlop Saejew က အကြံပြုထားပါသည်။

အစိုးရက လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေး ရန်ပုံငွေရှာဖွေရာတွင် ရင်းနှီးမြှုပ်နှံသူများကို အခွန်လျှော့ချပေးခြင်း ကဲ့သို့သော အလဲအလှယ်ပုံစံဖြင့် ဘဏ္ဍာငွေ သတ်သတ်မှတ်မှတ်ထားသင့်ကြောင်း၊ ယင်းရန်ပုံငွေဖြင့် လယ်ယာများကို မီးရှို့လေ့ရှိသော ဒေသနေပြည်သူများအား သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အလုပ်များရှာဖွေပေးရာတွင် အသုံးပြုသင့်ကြောင်း၊ မီးရှို့ခြင်းနှင့် မီးခိုးမြူဖြစ်ပွားခြင်းကို လျှော့ချနိုင်ရန် လေသန့်စင်စက်များနှင့် မီးလောင်နေစဉ်အတွင်း မီးဖြတ်တောက်သည့် ပစ္စည်းကိရိယာများကို ပြည်သူများသို့ လုံလုံလောက်လောက် ထုတ်ပေးခြင်းသည်လည်း အခြားသော နည်းလမ်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်အကြံပြုပါသည်။

ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့အစည်းများပါဝင်သော အစည်းအဝေးတွင် ယင်းနည်းလမ်းများ၏ တိုးတက်မှုအခြေအနေကို ဆွေးနွေးခဲ့ပါကြောင်း၊ ချင်းမိုင်တက္ကသိုလ်နှင့်ပူးပေါင်း၍ လေသန့်စင်တာဝါများကို မြို့နေရာများစွာတွင် ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ Fire D ဟုခေါ်သော လယ်ယာမီးရှို့ရာတွင် ကြိုတင်စာရင်းသွင်းသည့်စနစ်တွင် တောင်သူများက ကြိုတင် စာရင်းသွင်းနိုင်ကြောင်း၊ အထူးသဖြင့် ကာလရှည်လည်ပတ်သူများရှိသော ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ပြင်းထန်လာမှုအပေါ် လုပ်ငန်းရှင်များက စိုးရိမ်ပူပန်နေပါကြောင်း၊ မီးခိုးမြူ အများဆုံးဖြစ်သည့် မတ်လနှင့် ဧပြီလများတွင် ၎င်းတို့နေထိုင်ရာနိုင်ငံများသို့ ပြန်သွားကြပါကြောင်း၊ ပြည်တွင်း/ ပြည်ပခရီးသွားများလာရောက်မှု မြင့်တက်နေသဖြင့် ချင်းမိုင်ခရီးသွားကဏ္ဍသည် ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း Mr. Punlop က ပြောကြားပါသည်။

 

 

Source: www.bangkokpost. gov၊

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand