Thailand

ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းအလုပ်သမားများ၏ ဗီဇာလျှောက်ထားမှုကောက်ခံကြေးကို ဘတ် ၅၀၀ သို့ လျှော့ချသတ်မှတ်

Last Updated:

ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ ရွှေ့ပြောင်းအလုပ်သမားများ၏ ဗီဇာလျှောက်ထားမှုနှင့် သက်တမ်းတိုးဆောင်ရွက်ခြင်းအတွက် ကောက်ခံသည့်နှုန်းကို စနေနေ့ (၁၁-၁၁-၂၀၂၃) ရက်နေ့မှစ၍ ဘတ် ၅၀၀ သို့ လျှော့ချသတ်မှတ်လိုက်ကြောင်း အလုပ်အကိုင်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr.Somchai Morakotsriwan ကပြောကြားခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာနက နှုန်းထားပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ အောက်တိုဘာလ ၂၇ ရက်စွဲပါ တော်ဝင်အမိန့်စာဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ၄ နှစ်ကြာ အကျုံးဝင်မည်ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာဖြင့် လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့အပေါ် ပြောင်းလဲကောက်ခံရန် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Pipat Ratchakitprakarn က အဆိုပြုတင်ပြခဲ့ခြင်းအပေါ် အောက်တိုဘာလ ၃ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့ပါသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ဗီဇာကောက်ခံကြေးသည် ယခင် ဘတ် ၂,၀၀၀ မှ ဘတ် ၅၀၀ နှင့် သက်တမ်းတိုးကောက်ခံကြေးသည် ယခင် ဘတ် ၁,၉၀၀ မှ ဘတ် ၅၀၀ သို့ အသီးသီး လျှော့ချသတ်မှတ်လိုက်ပြီး ၂ နှစ်ကြာ အကျုံးဝင်မည်ဖြစ်ကြောင်း၊ ကောက်ခံကြေး လျှော့ချရခြင်းမှာ အလုပ်သမားများ၏ ကုန်ကျစရိတ် လျှော့ချစေရန်နှင့် စီးပွားရေးပြန်လည်ထူထောင်ရာတွင် ကူညီပေးရန် ရည်ရွယ်ပါကြောင်း Mr. Somchai က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand