Korea

တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်း လျှင်မြန်စွာတိုးတက်လာပြီး ၃ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိနေမှုသည် ၃ လဆက်တိုက်ရှိလာ

Last Updated:

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် လျှင်မြန်သောနှုန်းဖြင့် မြင့်မားလာခဲ့ပါသည်။ ငွေကြေးဖောင်းပွနှုန်းသည် ၃ ရာခိုင်နှုန်း အထက်တွင် ရောက်ရှိနေသည်မှာ ၃ လဆက်တိုက်ရှိပြီဖြစ်ပါကြောင်း၊ စွမ်းအင်နှင့် လယ်ယာထွက်ကုန်များ ဈေးနှုန်းမြင့်မားခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွနှုန်း မြင့်မားခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားစာရင်းအင်းဌာန (Statistics Korea) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွနှုန်းကို တိုင်းတာရာတွင် အဓိကကျသည့် စားသုံးသူဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ၃.၄ ရာခိုင်နှုန်းအထိ ရောက်ရှိမြင့်မားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ၃.၇ ရာခိုင်နှုန်းအထိ ရောက်ရှိမြင့်မားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ၃.၈ ရာခိုင်နှုန်းအထိ ထပ်မံရောက်ရှိမြင့်မားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ၂.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်မြင့်မားလာခြင်းဖြစ်ပါသည်။

အတက်အကျမြန်သော စွမ်းအင်နှင့် စားသောက်ကုန်ဈေးနှုန်းများကိုဖယ်၍ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွနှုန်း (Core Inflation) သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ၃.၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါသည်။ ယင်းပမာဏသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ နှုန်းထားဖြစ်သည့် ၃.၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် လျော့ကျမှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း နေ့စဉ်လူနေမှုဘဝတွင် လိုအပ်သည့် ပစ္စည်းအမျိုးအစား ၁၄၄ မျိုး (ဥပမာ- စားသောက်ကုန်၊ အဝတ်အထည်၊ အိမ်စသည်) ၏ ဈေးနှုန်းများသည် ၄.၆ ရာခိုင်နှုန်းမြင့်မားခဲ့ရာ ယခင်လကနှုန်းထားဖြစ်သည့် ၄.၄ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားခဲ့သည်ဟု စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး Mr. Choo Kyung-ho ကပြောကြားခဲ့ပါသည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေများနှင့် အခြားသော အကြောင်းရင်းများကြောင့် ငွေကြေးဖောင်းပွနှုန်းသည် ခန့်မှန်းထားသည်ထက် နှေးကွေးစွာဖြင့်သာ လျော့ကျသက်သာသွားမည်ဟု မျှော်မှန်းပါကြောင်း Mr. Choo Kyung-ho က ပြောကြားခဲ့ပါသည်။

ပြည်တွင်းကုန်ဈေးနှုန်းများ တည်ငြိမ်စေရန် အစိုးရက ဦးစားပေးဆောင်ရွက်နေပြီး သက်ဆိုင်သည့် ဝန်ကြီးဌာနများပါဝင်သော စီမံဆောင်ရွက်ချက်တစ်ရပ်ကို အသက်ဝင်စေရန် ကြိုးပမ်းနေပါကြောင်း၊ ဆောင်းဦးကာလတွင် လယ်ယာထွက်ကုန် ထုတ်လုပ်ထွက်ရှိမှု မြင့်မားလာသည့်အတွက် ငွေကြေးဖောင်းပွနှုန်း မြင့်မားလာနိုင်ခြေကို သက်သာစေမည်ဟု ခန့်မှန်းပါကြောင်း၊ သို့သော် ၂၀၂၃ ခုနှစ်ကုန်ပိုင်းကာလအထိ ငွေကြေးဖောင်းပွနှုန်းသည် ၃ ရာခိုင်နှုန်းအထက်တွင် ရှိနေမည်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် ငွေကြေးဖောင်းပွနှုန်းကို ၃.၃ ရာခိုင်နှုန်းတွင် ရှိနေစေရန် ရည်မှန်းထားသော်လည်း ယင်းနှုန်းထားထက် ကျော်လွန်မည်ဖြစ်ပါကြောင်းနှင့် ပထမ (၁၀) လအတွင်း ပျမ်းမျှနှုန်းထားသည်ပင်လျှင် ၃.၇ ရာခိုင်နှုန်းဖြစ်နေပါကြောင်း Mr. Choo Kyung-ho က ထပ်လောင်းပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ၊ ဗဟိုဘဏ်၏ ငွေကြေးဖောင်းပွနှုန်းအတွက် ရည်မှန်းနှုန်းထားသည် ၂ ရာခိုင်နှုန်းဖြစ်ပါသည်။

 

 

 

Source: The Korea Times https://www.koreatimes.co.kr/www/biz/2023/11/602_362393.html

(ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea