Thailand

ပို့ကုန်လိုလားချက်များ ခိုင်မာနေဆဲဖြစ်မည်ဟု ထိုင်းနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ခန့်မှန်းထား

Last Updated:

ထိုင်းနိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း သင်္ဘောတင်ပို့နိုင်မှု နှေးကွေးနေသော်လည်း နောက်ဆုံးသုံးလပတ်တွင် မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ လျှပ်စစ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ၏ ဝယ်လိုအားသည် ကမ္ဘာ့ဈေးကွက်တွင် တိုးတက်နေသဖြင့် ပို့ကုန်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ လွန်ခဲ့သော ၂ လခန့်မှစ၍ နိုင်ငံစီးပွား‌ရေးတွင် ပို့ကုန်ပါဝင်မှုသည် တိုးတက်လာပါကြောင်း Joint Standing Com-mittee on Commerce, Industry and Banking (JSCCIB) နှင့် တွေ့ဆုံပွဲတွင် ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Kriengkrai Theinnukul က ပြောကြားခဲ့ပါသည်။

ကော်မတီက ယခုနှစ်အတွက် ပို့ကုန်ခန့်မှန်းချက်ကို လျော့နည်းခန့်မှန်းထားပါကြောင်း၊ လပေါင်းများစွာ ကျဆင်းနေခဲ့သော ပို့ကုန်သည် ဩဂုတ်လနှင့် စက်တင်ဘာလတို့မှစ၍ တိုးတက်လာခဲ့ပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၂၅.၅ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၂၃.၄ ဘီလီယံ ဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၉  ဘီလီယံဖြစ်ပေါ်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါကြောင်း၊ စက်တင် ဘာလအတွင်း ပို့ကုန်မြင့်တက်ခဲ့မှုသည် စိုက်ပျိုးရေးနှင့် လယ်ယာစက်မှုထုတ်ကုန်များဖြစ်သော တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် ဒူးရင်းသီးနှင့် မင်းဂွတ်သီးနှင့် တောင်အာဖရိကနှင့် အင်ဒိုနီးရှားသို့ တင်ပို့ခဲ့သည့် ဆန်တို့ကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

စက်မှုပို့ကုန်များဖြစ်သည့် ဆိုလာဆဲလ်များနှင့် မိုဘိုင်းဖုန်းများသည်လည်း ပြောင်းလဲနေသည့် လမ်းကြောင်းနှင့် ကိုက်ညီမှုရှိစွာ တိုးတက်နေပါကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ထိုင်းမော်တော်ယာဉ်နယ်ပယ်အတွက် အဓိကဈေးကွက်ဖြစ်သည့် ယင်းဒေသများသို့ တင်ပို့နေသော မော်တော်ယာဉ်ထုတ်လုပ်သူများတွင် ပူပန်မှုများရှိနေပါကြောင်း၊ မော်တော်ယာဉ် ပို့ကုန်သည် ပို့ကုန်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ပစ်ကပ်အမျိုးအစား မော်တော်ယာဉ်များသည် အရှေ့အလယ်ပိုင်းတွင် လူကြိုက်များသဖြင့် အငြင်းပွားမှုများကို မဖြေရှင်းနိုင်ပါက ဝယ်လိုအားကျဆင်းနိုင်ကြောင်း ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က သုံးသပ်ထားပါသည်။

ပဋိပက္ခသည် ရှည်ကြာနေပြီး ပြင်းထန်နေမည်ဆိုပါက ဆီ ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၁၄၀-၁၅၀ သို့ မြင့်တက်နိုင်သဖြင့် ကမ္ဘာ့ဆီဈေးနှုန်းနှင့်စပ်လျဉ်း၍လည်း ပူပန်မိပါကြောင်း၊ ရေနံစိမ်းဈေးနှုန်းကို ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အောက်တွင်ရှိစေရန် မျှော်လင့်မိပါကြောင်း၊ လာမည့်နှစ် ပထမနှစ်ဝက်အတွင်း အထူးသဖြင့် Songkran ပွဲတော်ကာလ၌ ထိုင်းနိုင်ငံ စီးပွားရေးကို မြှင့်တင်နိုင်မည့် အစီအမံသစ်များချမှတ်ရန် အစိုးရကို တိုက်တွန်းလိုပါကြောင်း၊ ကာလရှည်တွင် လျှပ်စစ်ဓာတ်အားခကို ၁ ကီလိုဝပ်ဒ်လျှင် ၂.၃-၂.၇ ဘတ်အကြား ရှိစေရေး ဈေးနှုန်းတည်ဆောက်မှုပုံစံကို စီမံစေလိုပါကြောင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် ၁ ယူနစ်လျှင် ၂.၃-၂.၇ ဘတ်သာရှိကြောင်း Mr. Kriengkrai က ဖြည့်စွက်အကြံပြုထားပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand