Thailand

ထိုင်းနိုင်ငံသည် ဥရောပအုပ်စုများနှင့် ကုန်သွယ်မှုအပေါ် ပိုမိုဆွေးနွေးသွားမည်

Last Updated:

ထိုင်းနိုင်ငံနှင့် ဥရောပလွတ်လပ်သော ကုန်သွယ်မှုအဖွဲ့ (European Free Trade Association-Efta) တို့အကြား  ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာတွင် နိုဝင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ တွေ့ဆုံမည့် သတ္တမအကြိမ်မြောက် တွေ့ဆုံညှိနှိုင်းမှုတွင် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (Free Trade Agreement-FTA) ကို ဆွေးနွေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်လယ်တွင် အပြီးသတ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Auramon Suptha-weethum က ပြောကြားခဲ့ပါသည်။

ယခုတွေ့ဆုံမှုတွင် အုပ်ချုပ်သူအဆင့် ကိုယ်စားများပါဝင်မည်ဖြစ်ပြီး အုပ်စုခွဲ ၉ ခုမှ ဆွေးနွေးညှိနှိုင်းခဲ့မှုအားလုံးအပေါ် သုံးသပ်သွားကြမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်နှင့် ဥပဒေရေးရာကိစ္စနှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ အုပ်စုခွဲ ၂ ခု၏ အစည်းအဝေးများကို နိုဝင်ဘာလလယ်နှင့် ဒီဇင်ဘာလ အစောပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားပါသည်။

ကနဦးလေ့လာထားချက်များအရ ထိုင်းနှင့် Efta တို့အကြား FTA တည်ထောင်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ GDP ကို ၀.၁၇၉ ရာခိုင်နှုန်း တိုးတက်စေမည်ဖြစ်ကြောင်း၊ ပို့ကုန် ၀.၁၄၂ ရာခိုင်နှုန်းနှင့် သွင်းကုန် ၀.၂၂၄ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပါကြောင်း၊ စာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် ဆန်၊ ပြောင်း၊ ပြုပြင်ပြီး အစားအစာများ၊ အိမ်မွေးတိရစ္ဆာန်အစာများ၊ အပူပိုင်းသစ်သီးများ၊ ဂျုံ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပြုပြင်ထားသော ကြက်သား၊ သကြား၊ ခေါက်ဆွဲ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် စည်သွပ်ဗူးများနှင့် အသီးအနှံဖျော်ရည်စသည့် လယ်ယာထွက်ကုန်နှင့် အစားအသောက်များတွင်လည်းကောင်း၊ စက်မှုထုတ်ကုန်များဖြစ်သည့်အဝတ်အထည်၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ တန်ဖိုးကြီးလက်ဝတ်ရတနာများတွင်လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဟိုတယ်လုပ်ငန်း၊ ဘဏ္ဍာရေး၊ တယ်လီကွန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော စွမ်းအင်နှင့် ပညာရှင်အဆင့် ဝန်ဆောင်မှုများတွင် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း အသေးစိတ်ကို ရှင်းလင်းပြောကြားပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ထိုင်းနှင့် Efta တို့အကြား ကုန်သွယ်မှုသည် ပို့ကုန် အမေရိကန်ဒေါ်လာ ၃.၂၄ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇.၀၃ ဘီလီယံ ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ အဓိကပို့ကုန်များမှာ တန်ဖိုးကြီးလက်ဝတ်ရတနာများ၊ လက်ပတ်နာရီနှင့် ဆက်စပ်ပစ္စည်းများ၊ သံ၊ လေအေးပေးစက်များ၊ ခရီးသွားအသုံးအဆောင်များနှင့် မိုဘိုင်းဖုန်းများဖြစ်ပြီး အဓိက သွင်းကုန်များမှာ စိန်၊ ပုလဲ၊ ရွှေနှင့် ငွေ၊ လက်ပတ်နာရီနှင့် ဆက်စပ်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand