Thailand

လျှပ်စစ်မော်တော်ယာဉ်များ (Electric Vehicles-EVs) အတွက် ထောက်ပံ့မှုအသစ်များအပေါ် ထိုင်းနိုင်ငံဝန်ကြီးချုပ်က အတည်ပြု

Last Updated:

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Srettha Thavisin ဦးဆောင်သည့် နိုင်ငံအဆင့် လျှပ်စစ်မော်တော်ယာဉ် မူဝါဒကော်မတီ (National Electric Vehicle (EV) Policy Committee) က လျှပ်စစ်မော်တော်ကား သုံးစွဲမှုကို အထောက်အပံ့ပေးသည့် အဆင့် ၂ (၂၀၂၄-၂၀၂၇) ဆိုင်ရာ အစီအမံအသစ်များအပေါ် ခွင့်ပြုပေးခဲ့ကြောင်း၊ အစီအမံသစ်များသည် EV နယ်ပယ်ကို ချဲ့ထွင်ရန်နှင့် ပြည်တွင်း EV၊ ပစ်ကပ်နှင့် မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေမည့် အခွင့်အလမ်းများ မြှင့်တင်ရန်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Mr.Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

အစိုးရက EV၊ ပစ်ကပ်နှင့် မော်တော်ဆိုင်ကယ်များ၏ အမျိုးအစားနှင့် ဘတ္တရီအရွယ်အစားပေါ်မူတည်၍ ထောက်ပံ့မှုများ (Subsidies) ပေးမည်ဖြစ်ကြောင်း၊ အနည်းဆုံး ၅၀ ကီလိုဝဒ်-နာရီ ဘတ္တရီတပ်ဆင်ထားသော ဘတ် ၂ သန်းနှင့်အောက် တန်ဖိုးရှိသည့် လျှပ်စစ်မော်တော်ကား ၁ စီးလျှင် ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀၊ ၅၀ ကီလိုဝဒ်ထက်နည်းသော ဘတ္တရီ တပ်ဆင်ထားသည့် မော်တော်ယာဉ် ၁ စီးလျှင် ဘတ် ၂၀,၀၀၀ မှ ၅၀,၀၀၀၊ အနည်းဆုံး ၅၀ ကီလိုဝဒ်-နာရီ ဘတ္တရီ တပ်ဆင်ထားသော ဘတ် ၂ သန်းနှင့်အောက် တန်ဖိုးရှိသည့် ပစ်ကပ် ၁ စီးလျှင် ၅၀,၀၀၀ မှ ၁၀၀,၀၀၀၊ အနည်းဆုံး ၃ ကီလိုဝဒ်-နာရီ ဘတ္တရီ တပ်ဆင်ထားသော ဘတ် ၁၅၀,၀၀၀ နှင့်အောက် တန်ဖိုးရှိသည့် လျှပ်စစ်မော်တော်ဆိုင်ကယ် ၁ စီးလျှင် ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ အသီးသီး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သင့်လျော်သော ထောက်ပံ့မှုနှုန်းကို ဆုံးဖြတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာနများက ပူးပေါင်း၍ အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင် ဘတ် ၂ သန်းနှင့်အောက် တန်ဖိုးရှိသော အလုံးစုံ တပ်ဆင်ပြီးဖြစ်သည့် လျှပ်စစ်မော်တော်ကားများ၏ တင်သွင်းခွန် ၄၀ ရာခိုင်နှုန်းထိကို လျှော့ချပေးရန် တောင်းဆိုထားပါကြောင်း၊ ဘတ် ၇ သန်းနှင့်အောက် တန်ဖိုးရှိသော လျှပ်စစ်မော်တော်ကားများ၏  အခွန်စည်းကြပ်မှုနှုန်းကို ၈ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချရန် မျှော်လင့်ရပါကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်သူများကို ၁း၂ အချိုးပုံစံ (ပြည်တွင်း၌ ထုတ်လုပ်သော မော်တော်ကား ၂ စီးအတွက် တင်သွင်းသည့် မော်တော်ကား ၁ စီး) ကို ၂၀၂၇ ခုနှစ်တွင် ၁း၃ အချိုးပုံစံသို့ တိုးမြှင့်ခွင့်ပြုပေးခြင်းဖြင့် နိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှုကို အားပေးရာရောက်ပါကြောင်း Mr. Narit က ပြောကြားခဲ့ပါသည်။

ပြည်တွင်းထုတ်နှင့် တင်သွင်းသည့် ဘတ္တရီများသည် စက်ရုံပစ္စည်းစံနှုန်းနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း၊ ရှိပြီးသော လုပ်ငန်းရှင်များကို EV စက်မှုအဖြစ် ပြောင်းလဲနိုင်ရေး အားပေးနေစဉ်တွင် ထုတ်လုပ်မှုအခြေစိုက်များတွင် ရင်းနှီးမြှုပ်နှံသူအသစ်များကိုလည်း ဖိတ်ခေါ်လိုပါကြောင်း၊ ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုတွင် အခြေခိုင်စေရန်နှင့်ဒေသတွင်း ဦးဆောင်သူဖြစ်စေရန် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ထောက်ပံ့မှု အဆင့် ၁ တွင် လျှပ်စစ်မော်တော်ကား၊ ပစ်ကပ်၊ မော်တော်ဆိုင်ကယ် အပါအဝင် ကုမ္ပဏီ ၁၅ ခုမှ အမျိုးအစား ၁၃ ခု ဖြစ်ကြောင်း၊ အဆင့် ၁ ၏ အောင်မြင်မှုအဖြစ် ထိုင်းနိုင်ငံတွင် EV စက်မှု တိုးတက်ခဲ့ပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ယခုနှစ် ပထမ ၉ လအတွင်း EV မှတ်ပုံတင်မှု ၅၀,၃၄၀ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်ကတည်းက  စတင်ခဲ့သည့် EV စက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခဲ့မှုအရ EV ဘတ္တရီ ထုတ်လုပ်မှု၊ လျှပ်စစ်မော်တော်ဆိုင်ကယ် ဘတ္တရီထုတ်လုပ်မှု၊ အဓိကအစိတ်အပိုင်းများ ထုတ်လုပ်မှုနှင့် လျှပ်စစ်အားသွင်းရုံများအတွက် ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၆၁.၄ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ယခင် မက်လုံးပေးအစီအစဉ်ထက် နည်းပါးသော်လည်း ယခု EV ထောက်ပံ့မှုအစီအစဉ်ကြောင့် ထိုင်း EV စက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

ယခုအစီအစဉ်သစ်သည် သင့်လျော်ပါကြောင်း၊ ပြည်တွင်း EV စက်မှုကို စတင်နေဆဲဖြစ်သည့် ထိုင်းနိုင်ငံအတွက် နည်းပညာဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပါကြောင်း၊ တင်သွင်းသည့် EV ထက် ပြည်တွင်းထုတ် EV ၏ ဈေးနှုန်းမြင့်မားနေမှုအပေါ် စိုးရိမ်စိတ်ရှိနေသော်လည်း အစီအစဉ်သစ်သည် လက်ရှိအစီအစဉ်ကို အသုံးပြုနေသည့် ထုတ်လုပ်သူများအတွက် ဆိုးကျိုးဖြစ်စေမည် မဟုတ်ကြောင်း အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Surapong Paisitpatanapong က သုံးသပ် အကြံပြုထားပါသည်။         

 

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand