Thailand

ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်အတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အာမခံပြောကြား

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍ၏ ခန့်မှန်းထားချက်များထက် သာလွန်၍ ကောင်းမွန်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊  ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ခရိုင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ထမ်းများ၊ ပြည်ပနိုင်ငံ ၅၈ နိုင်ငံရှိ စီးပွားရေးသံမှူးများပါဝင်သည့် ပူးတွဲအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က သင်္ဘောတင်ပို့နိုင်မှုသည် ၂ ရာခိုင်နှုန်းအောက် နည်း၍ကျုံ့နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

The Joint Standing Committee on Commerce, Industry and Banking ၏ ပို့ကုန်ခန့်မှန်းချက်သည် ၁-၂ ရာခိုင်နှုန်းကျုံ့နိုင်ကြောင်း၊ ထိုင်းနိုင်ငံသင်္ဘောလုပ်ငန်းရှင်များကောင်စီ၏ ပို့ကုန်ခန့်မှန်းချက်သည် ၁ ရာခိုင်နှုန်းကျုံ့နိုင်ကြောင်း၊ ယခုနှစ် ကျန် ၃ လအတွင်း ပို့ကုန် အခြေအနေသည် တိုးတက်မည်ဟု မျှော်လင့်ထားပါကြောင်း၊ ပို့ကုန်စိန်ခေါ်မှုများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဖြေရှင်းခြင်းနှင့် သင်္ဘောတင်ပို့မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ မိုးခေါင်မှု အခြေအနေများ၊ ငွေလဲလှယ်နှုန်းတည်ငြိမ်မှုနှင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက် ကုန်ပစ္စည်းများ ဝယ်ယူစုဆောင်းခြင်းတို့ကြောင့် စိုက်ပျိုးရေးနှင့် အစားအသောက်များကို ပိုမိုတင်သွင်းလာကြပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ပို့ကုန်တိုးတက်မှု၏ ဒုတိယဆက်တိုက်လဖြစ်သော စက်တင်ဘာလတွင် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၅.၅ ဘီလီယံ၊ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၃.၄ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၀၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပထမ ၉ လအတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံ၊ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၁၉ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၈၃ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ကုန်သွယ်ရေးအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရာတွင်လည်း မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ စီးပွားရေးသံမှူးများနှင့် တွေ့ဆုံရန် ဝန်ကြီးချုပ်၏ အရေးပေါ်ညွှန်ကြားချက်ကြောင့် ပူးတွဲအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်အတွက် ဆွေးနွေးပွဲတစ်ခုကို အလျင်အမြန်စီစဉ်သွားရန်ဖြစ်ကြောင်း၊ လာမည့်နှစ် ပို့ကုန်ခန့်မှန်းချက်ကို တွက်ချက်ရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးတွဲအစည်းအဝေးတစ်ခုကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း Mr. Keerati က ဆက်လက်ပြောကြားပါသည်။

အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးချုပ်၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၊ နိုင်ငံအသီးသီးမှ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးများ ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် အလိုရှိသကဲ့သို့ အားလုံးပူးပေါင်းဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ပြဿနာများကို ထိထိမိမိ တက်တက်ကြွကြွ ဖြေရှင်းသွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံ၏ တက်ကြွမှုအပိုင်းကိုချဲ့ထွင်ရန်အတွက် ဆွေးနွေးပွဲများဆောင်ရွက်ရန်၊ ထိရောက်သော အသုံးချမှုဖြစ်စေမည့် မူဝါဒများကို အဆိုပြုခြင်း၊ နားထောင်ခြင်းနှင့် မူဝါဒများ ချမှတ်ခြင်းတို့ကို ဝန်ကြီးချုပ်က ဆောင်ရွက်သွားမည်ဖြစ် ကြောင်း Mr. Keerati က ဖြည့်စွက်ပြောကြားပါသည်။

နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် ပို့ကုန်ကဏ္ဍ တိုးတက်ရုံသာမက ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်ခြင်းဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ၏ ချိတ်ဆက်မိမိ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand