Thailand

ထိုင်းနိုင်ငံ သကြားထုတ်လုပ်သူများက သကြားဈေးနှုန်းသတ်မှတ်ချက်အပေါ် သတိပေး ပြောကြား

Last Updated:

ထိုင်းနိုင်ငံ၌ ပြည်တွင်းဈေးကွက်တွင် သကြားဈေးတက်နေခြင်းကို ပိတ်ဆို့ရန် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အပေါ် သကြားထုတ်လုပ်သူများက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organisa-tion-WTO) ၏ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းမပြုရန် သတိပေးလိုက်ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ကြံစိုက်တောင်သူများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တွေ့ဆုံလိုကြပါကြောင်း၊ ဈေးနှုန်းမြင့်မားစွာဖြင့် အခြားနိုင်ငံများသို့ သကြားမှောင်ခို‌ ရောင်းချမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကြေညာချက်မထုတ်ပြန်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပြဿနာနှင့် သက်ရောက်မှုများကို ဆွေးနွေးသင့်ကြောင်း အမည်မဖော်လိုသူ သကြားစက်ရုံလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားပါသည်။

ကြံနှင့်သကြားဘုတ်အဖွဲ့၏ ကြေညာချက်ထုတ်ပြီးနောက် အောက်တိုဘာ ၂၈ ရက်နေ့မှ စတင်ကာ စက်ရုံထုတ်သကြားဈေးနှုန်းကို ၁ ကီလိုဂရမ်လျှင် ၄ ဘတ်နှုန်းဖြင့် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၊ မိုးခေါင်မှုကြောင့် ကြံဈေးနှုန်းမြင့်တက်လာသဖြင့် ထုတ်လုပ်သူများအတွက် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းဖြစ်သည်ဟု ဘုတ်အဖွဲ့က ကိုးကားထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ကြံနှင့် သကြားကိစ္စနှင့်စပ်လျဉ်း၍ ယခင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားခဲ့သည့် အဓိက သကြားထုတ်လုပ်တင်ပို့နေသော ဘရာဇီးနိုင်ငံနှင့် အငြင်းပွားမှု ထပ်မံဖြစ်ပွားနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ဈေးကွက်မှ သကြားဈေးနှုန်းသတ်မှတ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း၊ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကြောင့် အခြားနိုင်ငံများမှ ဈေးနှုန်း ထိန်းချုပ်မှုဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ငံပြင်ပတွင် ဈေးနှုန်းမြင့်မားနေသဖြင့် နယ်စပ်တစ်လျှောက် တရားမဝင် သကြားကုန်သွယ်မှုများ ဖြစ်လာနိုင် ကြောင်း၊  ကမ္ဘာ့သကြားဈေးနှုန်းသည် ယခင် ၁ ပေါင်လျှင် ၁၆-၁၇ စင့် ရှိနေရာမှ ယခုအခါ  ၂၅-၂၇ စင့်ရှိပါကြောင်း၊ ဈေးနှုန်းမြင့်တက်မှုသည် မိုးခေါင်မှုအပါအဝင် အိန္ဒိယ၏ ယခုနှစ်အတွင်း သကြားတင်ပို့မှုကို တန် ၆၀၀,၀၀၀ လျှော့ချလိုက်သည့် ဆုံးဖြတ်ချက်ကြောင့်ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံတွင် သကြားစားသုံးမှုသည် တန်ချိန် ၂.၅- ၃ သန်းရှိကြောင်း၊ ခွဲတမ်းထက် ပြည်တွင်းရောင်းနှုန်းကျဆင်းရခြင်းမှာ ထိုင်းအများစုသည် သကြားစားသုံးမှုကို လျှော့ချခြင်းနှင့် အခြားသော သကြားအစားထိုးကုန်ပစ္စည်းများကြောင့်ဖြစ်ကြောင်း ရင်းမြစ်က ဆိုပါသည်။

ကမ္ဘာ့ဈေးကွက်တွင် သကြားရောင်းချမှု အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်းနှင့် စားသုံးသူများအတွက် မမျှတသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်းကြောင့် အစိုးရ၏ သကြားဈေးနှုန်း ပြင်ဆင်သတ်မှတ်ခြင်းနှင့် ပို့ကုန်ထိန်းချုပ်ခြင်းအပေါ် ကန့်ကွက်လိုကြောင်း၊ ဓာတ်မြေဩဇာ၊ လုပ်အားခနှင့် လောင်စာဆီ ဈေးနှုန်းများကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာသဖြင့် သကြားဈေးနှုန်းကို ပြင်ဆင်ခြင်းသည် သကြားစိုက်တောင်သူများအပေါ် မမျှတပါကြောင်း၊ ၄ ဘတ်၌ တစ်ဝက်ကို ဖုန်မှုန့်ပြဿနာ ဖြေရှင်းရန်အတွက် မီးမရှို့စေဘဲ လတ်ဆတ်သော ကြံများပိုင်းဖြတ်ရန်အတွက် တောင်သူများအား ထောက်ပံ့ပေးမည့် ကြံနှင့်သကြားရန်ပုံငွေသို့ ထည့်ဝင်မည်ဖြစ်ကြောင်း Knowledge Network Institute of Thailand ၏ အကြီးတန်းပညာရှင် Mr. Somporn Isvilanonda က ပြောကြားပါသည်။

မြင့်တက်သွားသည့် ၂ ဘတ်ကို သကြားမျိုးစိတ်များ စမ်းသပ်တီထွင်ခြင်း သို့မဟုတ် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရန် ရေသွင်းစိုက်ပျိုးမှုစနစ်များကဲ့သို့သော တောင်သူများ၏ ထုတ်လုပ်မှုမြင့်တက်စေမည့် သုတေသနနှင့် ဖွံ့ဖြိုးမှု (Research and Development-R&D) တွင် အသုံးပြုစေလိုကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် ကျဆင်းလာပါက စိုက်ပျိုးမှုတိုးမြင့်လာနိုင်ပြီး ဝင်ငွေလည်းတိုးလာနိုင်ကြောင်း ၎င်းက အကြံပြုပြောကြားပါသည်။

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် အစားအစာလုံခြုံစိတ်ချရမှုအတွက် အစိုးရ၏ သကြားဈေးပြင်ဆင်သတ်မှတ်ခြင်းနှင့် တစ်တန်နှင့်အထက် ပို့ကုန်အပေါ် စိစစ်ခြင်းတို့သည် ထိုင်းနိုင်ငံ၏ သကြားပို့ကုန် အခွင့်အလမ်းများကို ဆုံးရှုံးစေပါကြောင်း၊ ကမ္ဘာ့သကြားဈေးနှုန်းသည် ထိုင်း ပြည်တွင်း သကြားဈေးထက်မြင့်မားပါကြောင်း၊ ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်အတွက်မှာ ၂၅:၂၇ အချိုး ဖြစ်သင့်ပါကြောင်း၊ ပြည်တွင်းသကြား လက်ကားဈေးကို ထိန်းချုပ်လိုက်ခြင်းသည် ပို့ကုန်၏ ၇၅ ရာခိုင်နှုန်းထိ ဆုံးရှုံးစေပါကြောင်း သုံးသပ်ထားပါသည်။

ကမ္ဘာ့သကြားဈေးကွက်သည် မိုးခေါင်မှုကြောင့် သကြားပြတ်လပ်မှု ဖြစ်နေပါကြောင်း၊ အဓိက တင်သွင်းလျက်ရှိသည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ဖြစ်ကြောင်း၊ ယခုနှစ်တွင် အင်ဒိုနီးရှားသည် သကြား တန်ချိန် ၅ သန်းနှင့်အထက် တင်သွင်းပါကြောင်း Mr. Somporn က ဆက်လက်ပြောကြားပါသည်။

သကြားဈေးနှုန်းထိန်းချုပ်သည့် အစီအမံများ၊ စက်ရုံထုတ်ဈေးနှုန်းသတ်မှတ်ချက်များနှင့်ပို့ကုန်အတွက် လိုအပ်ချက်အသစ်များသည် လက်ရှိတွင် သင့်လျော်ပါကြောင်း၊ အစိုးရက ပြည်သူများ၏ နေထိုင်မှုကုန်ကျစရိတ်ကို လျှော့ချလိုကြောင်း၊ စက်ရုံထုတ်ဈေးနှုန်းကို ပြင်ဆင်ရာတွင် ကမ္ဘာ့သကြားဈေးနှုန်းကို ထည့်သွင်းမစဉ်းစားပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုင်းနိုင်ငံသည် သကြားအဓိက တင်ပို့နေသည့် နိုင်ငံဖြစ်သောကြောင့်ဖြစ်ကြောင်း၊ နှစ်စဉ် သကြားတန်ချိန် ၇.၅ သန်းကို တင်ပို့လျက်ရှိပြီး ၂.၅ သန်းကို ပြည်တွင်းတွင် စားသုံးပါကြောင်း၊ ဈေးနှုန်း ၄ ဘတ် မြင့်တက်ရခြင်းသည်လည်း သဘာဝပတ်ဝန်းကျင်အတွက်ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr. Chakara Yodmani က ပြန်လည်ရှင်းလင်းပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand