USA

ထိခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လျှပ်စစ်ကားများ (EVs) ပြင်ဆင်ရန် စရိတ်မြင့်မားနိုင်

Last Updated:

ထိခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လျှပ်စစ်ကားများ (EVs) ပြင်ဆင်ရန် စရိတ်မြင့်မားနိုင်ကြောင်းကို  The Wall Street Journal ၌  ၄-၁၂-၂၀၂၃ ရက်နေ့တွင် “Repairing EVs After A Crash Can Be Pricey” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

လျှပ်စစ်ကားများသည် ယာဉ်ထိခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပြင်ဆင်ရာတွင် ဓာတ်ဆီသုံး မော်တော်ယာဉ်များထက် ပို၍ကုန်ကျလျက်ရှိကြောင်း၊ ယင်းသို့ ကုန်ကျစရိတ်များပြားခြင်းမှာ အစားထိုးတပ်ဆင်မည့် အစိတ်အပိုင်းများပို၍လိုအပ်ပြီး လျှပ်စစ်ကားများပြင်ဆင်ရာတွင် ရှုပ်ထွေးသဖြင့် မော်တော်ယာဉ်ပြုပြင်သည့် ပညာရှင်တိုင်း တတ်မြောက်မှုမရှိခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ လျှပ်စစ်ကားပိုင်ရှင်များသည် ပထမဆုံးအကြိမ် မော်တော်ယာဉ်ပြင်ဆင်ရာတွင် ကုန်ကျစရိတ်နှင့် စောင့်ဆိုင်းချိန် ကြာမြင့်ခြင်းတို့ကို ကြုံတွေ့ခဲ့ကြရကြောင်း၊ အမေရိကန်နိုင်ငံ မော်တော်ယာဉ် အာမခံတောင်းခံသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးသော ကုမ္ပဏီဖြစ်သည့် CCC Intelligent Solutions က ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ကား ပြင်ဆင်စရိတ်သည် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၆,၅၈၇) ရှိသဖြင့် အခြားမော်တော်ယာဉ်များ၏ ကုန်ကျစရိတ်ဖြစ်သည့် အမေရိကန်ဒေါ်လာ (၄,၂၁၅) နှင့်နှိုင်းယှဉ်ပါက မြင့်မားသည်ဟု ပြောကြားခဲ့ကြောင်း၊ လျှပ်စစ်ကား အသုံးပြုသူများသည် ဓာတ်ဆီသုံး မော်တော်ယာဉ်များ အသုံးပြုသူများကဲ့သို့ ဆီဖြည့်ရန်၊ အင်ဂျင်ညှိရန် (သို့မဟုတ်) ချိန်ကိုက်ခါးပတ်များအစားထိုးရန် မလိုအပ်သော်လည်း ပြင်ဆင်စရိတ်များပြားခြင်းကြောင့် အာမခံအတွက် ပရီမီယံကြေးပိုများပါကြောင်း၊ လျှပ်စစ်ကားများ ထိခိုက်မှုဖြစ်ပါက ယာဉ်ကိုဖြုတ်၍ တပ်ဆင်ရန် ရှုပ်ထွေးမှုရှိပါကြောင်း၊ ယာဉ်ထိခိုက်မှုဖြစ်ပါက မီးလောင်လွယ်မှု အန္တရာယ်ကြောင့် Lithium-ion batteries များအတွက် အထူးသိုလှောင်မှုစနစ်များ ပါဝင်ပါကြောင်း၊ Rivian လျှပ်စစ်ကားကုမ္ပဏီမှ ကိုယ်စားလှယ်က ၎င်းတို့၏ လျှပ်စစ်ကားများသည် ဘေးကင်းလုံခြုံမှုကို ဦးစားပေးထားပြီး ပြင်ဆင်စရိတ်ကိုလည်း အခြားလျှပ်စစ်ကား ထုတ်လုပ်ရောင်းချသူများနှင့် ပြင်ဆင်စရိတ်တူညီအောင် ဆောင်ရွက်ထားပါကြောင်း၊ လျှပ်စစ်ကား ထုတ်လုပ်မှုကဏ္ဍတွင် ဦးဆောင်လျက်ရှိသည့် Tesla ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ မော်တော်ယာဉ်များအတွက် ကုမ္ပဏီပိုင်မော်တော်ယာဉ် စက်ပြင်ဌာန ဖွင့်လှစ်ထားသလို ပုဂ္ဂလိကပိုင် စက်ပြင်အလုပ်ရုံများလည်းရှိပါကြောင်း၊ Tesla ၏ Model 3 Sedan အမျိုးအစားသည် ယခင် (၅) နှစ်က Toyota Corolla အမျိုးအစား ပြင်ဆင်စရိတ်နှင့် တူညီသဖြင့် ပြင်ဆင်ထိန်းသိမ်းစရိတ် နည်းပါးကြောင်းဖြင့် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် Clean energy နည်းပညာများ အသုံးပြုရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ကားများထုတ်လုပ်ရောင်းချမှုကို ၂၀၃၀ ပြည့်နှစ်တွင် (၅၀) ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန်ထုတ်ပြန်ခဲ့ခြင်း၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးငွေထုတ်ချေးခြင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများ ချမှတ်ခြင်းဖြင့် အားပေးဆောင်ရွက်လျက်ရှိနေစဉ်တွင် လျှပ်စစ်ကားထုတ်လုပ်မှုနှင့် ပတ်သက်၍ ပြင်ဆင်စရိတ်မြင့်မားခြင်း၊ လျှပ်စစ်ကားဘတ္ထရီအတွက် လိုအပ်သည့် Lithium ကဲ့သို့သော သတ္တုများ လိုအပ်ချက်များကြောင့် ကန့်ကွက်ခြင်းများရှိနေကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

 

Source: Wall Street Journal, Printed Version

(စီးပွားရေးသံမှူး၊ ခင်ဆွေဦး)

Category: USA