USA

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်အစီရင်ခံစာ အပေါ် သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်

Last Updated:

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်အစီရင်ခံစာ (Job Report) အပေါ် သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတအိမ်ဖြူတော်ဝက်ဘ်ဆိုက်၍၅-၁-၂၀၂၄ ရက်နေ့တွင် “Statement from President Joe Biden on the November Jobs Report” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အလုပ်အကိုင်အစီရင်ခံစာနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်သည် အမေရိကန်နိုင်ငံသားအလုပ်သမားများအတွက် ကောင်းမွန်သည့်နှစ်တစ်နှစ် ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း (၂.၇)သန်း ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ အလုပ်လက်မဲ့နှုန်းသည် (၄) ရာခိုင်နှုန်းအောက်တွင် ဆက်တိုက်ရှိနေခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အလုပ်အကိုင် ဖန်တီးပေးမှုသည်  ယခင်အစိုးရများလက်ထက် အလုပ်အကိုင်ဖန်တီးပေးမှုနှင့် နှိုင်းယှဉ်ပါကပိုများကြောင်း၊ အလုပ်အကိုင်ဖန်တီးပေးမှုအပြင် ငွေကြေးဖောင်းပွမှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ မတိုင်မီကာလကဲ့သို့ (၂) ရာခိုင်နှုန်းအောက် (၆) လကြာ ကျဆင်းခဲ့ပါကြောင်း၊ အဓိကကုန်စည် များဖြစ်သည့် ဓာတ်ဆီတစ်ဂါလံ၊ နွားနို့တစ်ဂါလံ၊ ကလေးကစားစရာအရုပ်၊ အသုံးအဆောင်ပစ္စည်းများ၊ ကားငှားရမ်းခ၊ လေယာဉ်ခ စသည်တို့၏ ဈေးနှုန်းကျဆင်းခဲ့ပါကြောင်း၊ အလုပ်သမားများ လုပ်ခလစာနှင့် မိသားစုများ၏ ချမ်းသာကြွယ်ဝမှုသည် ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ပြီးနောက် ယခင်ကိုဗစ်-၁၉ ကူးစက် ရောဂါမတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက ပိုမို၍မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

စီးပွားရေးတိုးတက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျလာခဲ့သော်လည်း ကုန်ဈေးနှုန်းများမြင့်မားနေဆဲဖြစ်သဖြင့် ကုမ္ပဏီများကကောက်ခံနေသည့် မလိုလားအပ်သောအခကြေးငွေများ ပေးဆောင်ရမှု မရှိစေရန် ဆောင်ရွက်လျက် ဆီးချိုဝေဒနာရှင်များအတွက် အင်ဆူလင်ဆေး(Insulin) စရိတ်အပါအဝင် ဆေးဝါးစရိတ်၊ စွမ်းအင်ဈေးနှုန်းများ လျှော့ချရန် ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြထားပါသည်။

အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် အလုပ်အကိုင်ခန့်ထားမှု အစီရင်ခံစာ (Employment Situation Report) ကို ၅-၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အလုပ်အကိုင်ပေါင်း (၂၁၆,၀၀၀) ခန့်ထားနိုင်ခဲ့ပြီး အလုပ်လက်မဲ့နှုန်း သည် (၃.၇) ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ပျမ်းမျှတစ်လလျှင် အလုပ်အကိုင်ခန့်ထားမှု (၂၂၅,၀၀၀) အထိရှိခဲ့သဖြင့် ၂၀၂၃ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း (၂.၇) သန်းကို ဖန်တီးပေး နိုင်ခဲ့ပါကြောင်း၊ အလုပ်လုပ်ကိုင်နိုင်သူများ အလုပ်ခွင်အတွင်းဝင်ရောက်မှု (Labor Force Participation) မှာ အလွန်မြင့်မားခဲ့ပြီး လူမည်း အလုပ်သမား အလုပ်လက်မဲ့နှုန်းမှာ (၅.၅) ရာခိုင်နှုန်း ရှိရာ ဤရာခိုင်နှုန်းသည် လူမည်းအလုပ်သမားများ၏ အလုပ်လက်မဲ့နှုန်းအချက်အလက်ကို စတင် ကောက်ယူသည့်အချိန်မှစ၍ ယနေ့အထိအချက်အလက်များအရ အနိမ့်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA