Thailand

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပမည့် ၆၉ ကြိမ်မြောက် ဗန်ကောက် လက်ဝတ်ရတနာပြပွဲမှ ဝင်ငွေ ဘတ် ၃.၃ ဘီလီယံရရှိရန် ခန့်မှန်းထား

Last Updated:

၆၉ ကြိမ်မြောက် ဗန်ကောက်လက်ဝတ်ရတနာပြပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ Queen Sirikit National Convention Center (QSNCC) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့် ကျောက်မျက်ရတနာ အင်စတီကျုတို့အပါအဝင် အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါပြပွဲမှ ဝင်ငွေ ဘတ် ၃.၃ ဘီလီယံ ရရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ကမ္ဘာ့ထိပ်တန်းအဆင့် ၅ နေရာရှိသော လက်ဝတ်ရတနာပြပွဲဖြစ်သဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို မောင်းနှင်မည့် အဓိက အခန်းကဏ္ဍတွင် ပါဝင်သော ကုန်စည်ပြပွဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပို့ကုန်စုစုပေါင်းတန်ဖိုးတွင် ကျောက်မျက်နှင့် လက်ဝတ်ရတနာပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၄.၈ ဘီလီယံဖြင့် အဆင့် ၃ နေရာတွင် ရှိပါ‌ကြောင်း၊ ပြည်သူ ၈၀၀,၀၀၀ ၏ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် နေရာတွင်လည်း အရေးပါသောကဏ္ဍဖြစ်ပါကြောင်း၊ ပြပွဲသည် ထိုင်းနိုင်ငံ၏ ကျောက်မျက်နယ်ပယ်ကို ပြန်လည် အားဖြည့်ပေးသည့် အရေးပါသော နည်းလမ်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ကမ္ဘာ့ကျောက်မျက်နှင့် လက်ဝတ်ရတနာများ စုစည်းရာနေရာအဖြစ် မီးမောင်းထိုးပြလျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul Sereroengrit က ပြောကြားချက်အရ သိရှိရပါသည်။

လက်ဝတ်ရတနာပြပွဲသည် ကမ္ဘာ့ကျောက်မျက်နှင့် လက်ဝတ်ရတနာကုန်သည်များ အဓိကစုဝေးရာ နေရာဖြစ်ပါကြောင်း၊ ထိုင်းထုတ်လုပ်သူများနှင့် ညှိနှိုင်းချိတ်ဆက်၍ မှာယူမှုများဆောင်ရွက်ကြပါကြောင်း၊ ထိုင်းနိုင်ငံ၏ ကျောက်မျက်ကဏ္ဍသည် ကမ္ဘာ့တတိယအကြီးဆုံး ဈေးကွက်ဝေစုကို ပိုင်ဆိုင်ထားပါကြောင်း၊ ကျောက်မျက်ဖြတ်တောက်သည့် လက်ရာနှင့် ကျောက်မျက် အရည်အသွေးများသည် ကမ္ဘာတွင် ထင်ပေါ်စေပါကြောင်း၊ ပြည်တွင်း/ပြည်ပမှ ပါဝင်ပြသမည့်သူ ၁,၁၀၀ က ပြခန်း ၂,၅၀၀ ကျော် ကြိုတင်နေရာယူထားပြီးဖြစ်ကြောင်း၊ လာရောက်လည်ပတ်သူ ၄၀,၀၀၀ ကျော်နှင့် ဝင်ငွေ ဘတ် ၃.၃ ဘီလီယံ ရရှိနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း ကျောက်မျက်ရတနာအင်စတီကျု ညွှန်ကြားရေးမှူး Mr. Sumed Prasongpongchai က ဖြည့်စွက်ပြောကြားခဲ့သည်။

ကုန်စည်ပြပွဲတွင် လုပ်ငန်းချိတ်ဆက်ခြင်း၊ ထိုင်းတီထွင်ဖန်တီးသူများ၏ လက်ရာသစ်များပြသမည့်ဇုန်နှင့် ကမ္ဘာအနှံ့ရှိ ထိုင်းကုန်သွယ်ရေးစင်တာများမှ ကိုယ်စားလှယ်များက တာဝန်ယူဆောင်ရွက်မည့် Export Clinic များလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနည်းလမ်းများ၊ ဈေးကွက်ရှာဖွေခြင်းနှင့် အခြားသော အကြောင်းအရာများ ဆွေးနွေးမည့် ဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ ကျောက်မျက်လုပ်ငန်းရှင်များ ပါဝင်ပြသဖြင်းဖြင့် နိုင်ငံတကာမှ ပါဝင်ပြသလျက်ရှိသည့် ကျောက်မျက်နှင့် လက်ဝတ်ရတနာ လက်ရာများကို လေ့လာကြည့်ရှုနိုင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းဆိုင်ရာ ဗဟုသုတများရရှိနိုင်ခြင်းနှင့် လုပ်ငန်းချိတ်ဆက်မှုများရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။   

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand