Thailand

မြန်မာနိုင်ငံမှ အိမ်ခြံမြေပိုင်ဆိုင်မှုအတွက် ဝယ်ယူသူများက ထိုင်းနိုင်ငံ ဗန်ကောက်မြို့အပြင် ဖူးခက်နှင့် ချင်းမိုင်တို့တွင် ဝယ်ယူရန် ရှာဖွေလျက်ရှိ

Last Updated:

မြန်မာနိုင်ငံမှ အိမ်ခြံမြေပိုင်ဆိုင်မှုအတွက် ဝယ်ယူသူများက ထိုင်းနိုင်ငံ ဗန်ကောက်မြို့အပြင် လုံးချင်းအိမ်ရာ စီမံကိန်းရှိသော ချင်းမိုင်နှင့် ဖူးခက်တို့တွင် ဝယ်ယူရန် ရှာဖွေလျက်ရှိကြောင်း၊ မြန်မာမှ ဝယ်ယူသူများက ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်မှ အနားယူအပန်းဖြေရန် ရည်ရွယ်ချက်များဖြင့် ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း Colliers Thailand ၏ အကြံပေး လက်ထောက်မန်နေးဂျင်း ဒါရိုက်တာ Mr. Karlo Porbe ၏ ပြောကြားချက်အရ သိရှိရပါသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများကြောင့် မြန်မာဝယ်လက်များသည် နှစ်စဉ်ပိုမိုစိတ်ဝင်စားလာကြကြောင်း၊ မကြာသေးခင်က ချင်းမိုင်ကို အနားယူရာနေရာနှင့် ဖူးခက်ကို အလည်အပတ်နေရာအဖြစ် စဉ်စားလာကြပါကြောင်း၊ ချင်းမိုင်တွင် ၁ ယူနစ်လျှင် ဘတ် ၂၀ သန်းမှ ၃၀ သန်း တန်ဖိုးရှိသော လုံးချင်းအိမ်များကို ဝယ်လက်များက ရှာဖွေကြပါကြောင်း၊ အိမ်ရာတည်ဆောက်သူက မန္တလေးတွင် ဈေးဆိုင်ခန်းများ၊ ၆ ထပ်ကွန်ဒိုနှင့် ဟိုတယ်ပါဝင်သော Mixed-use စီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး ယခုလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသားများက ဖူးခက်ရှိ Laguna  နှင့် Bangtao ကမ်းခြေနေရာများရှိ ဘတ် ၄၀ သန်းတန် ဗီလာများကို စိတ်ဝင်စားလျက်ရှိကြောင်း၊ အဆိုပါ နေရာများတွင် နေထိုင်ရန်နှင့် Bumrungrad ဆေးရုံခွဲဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျန်းမာရေးကုသမှုအတွက် လာရောက်ရန်ဖြစ်ကြောင်း၊ ပထမလှိုင်းတွင် မြန်မာဝယ်လက်များသည် ကိုယ်တိုင်နေထိုင်ရန်၊ သားသမီးများ၏ ပညာရေးနှင့် ကိုယ်တိုင်ကျန်းမာရေးကုသမှုအတွက် နေထိုင်ရန် ဗန်ကောက်တွင်သာ ဝယ်ယူကြပါကြောင်း၊ ဆေးရုံနှင့် ဈေးဝယ်စင်တာများနှင့် နီးစပ်သော Thong Lor၊ Asok၊ Phrom Phong၊ Nana နှင့် Phloenchit အနီးတစ်ဝိုက်တွင် အိမ် ၁ လုံးလျှင် ဘတ် ၂၀ သန်းမှ ၇၀ သန်း တန်ဖိုးရှိကြောင်း၊ ကျောင်းများနှင့် မြန်မာသံရုံးနှင့် နီးစပ်သော Sathon နှင့် Silom အနီးတစ်ဝိုက်တွင်လည်း စိတ်ဝင်စားကြပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဒုတိယလှိုင်းတွင် မိုးပျံရထားဘူတာများနှင့် နီးသောနေရာရှိ ကွန်ဒို ၁ ခန်းလျှင် ဘတ်၂ သန်းမှ ၅ သန်းကြားရှိသည့် ကွန်ဒိုများကို ဝယ်ယူကြပါကြောင်း၊ ငယ်ရွယ်သော လုပ်ငန်းရှင်များက ကွန်ဒိုများ ကြိုတင်ဝယ်ယူခြင်းဖြင့် အမြတ်ရရှိရန် ရှာဖွေကြကြောင်း၊ ထိုင်းပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် မိခင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ပိုမိုစိတ်ချရသည်ဟု ယုံကြည်ကြပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများရှိသော်လည်း ထိုင်းနိုင်ငံကို နေထိုင်ရာဒုတိယအိမ်အဖြစ် သတ်မှတ်ကြပါကြောင်း သုံးသပ်ထားပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ခြံမြေပိုင်ဆိုင်မှုနှင့် ကွန်ဒိုဝယ်ယူမှုများသည် ဗန်ကောက်မြို့အပြင် ကျန်းမာရေး၊ ပညာရေးနှင့် အနားယူနေထိုင်ရန်အတွက် ချင်းမိုင်နှင့် ဖူးခက်များတွင်ပါ ဝယ်ယူရန် စိတ်ဝင်စားလာကြကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.gov၊

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand