Germany

ငွေကြေးဖောင်းပွမှု နှေးကွေးလာသော်လည်း ဥရောပစားသုံးသူများအနေဖြင့် ငွေကြေးသုံးစွဲရန် တွန့်ဆုတ်နေ

Last Updated:

ယူရိုဇုန်ရှိ လက်လီရောင်းချမှု ပမာဏသည် ဥရောပတွင် မျှော်မှန်းထားသော ၀.၄ ရာခိုင်နှုန်းထက် အနည်းငယ်ပိုကာ ဖေဖော်ဝါရီလတွင် တစ်လထက်တစ်လနှုန်းထား ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ၎င်းသည် ရာသီအလိုက် ချိန်ညှိထားမှုများအရ Eurostat မှ ခန့်မှန်းထားသော ပထမခန့်မှန်းချက်အတိုင်းပင် ဖြစ်ပါသည်။

အီးယူနှင့် ယူရိုဇုန်နှစ်ခုစလုံး၏ လက်လီရောင်းချမှုများသည် နှစ်အလိုက်နှိုင်းယှဉ်ချက်အရ ၀.၂ ရာခိုင်နှုန်းနှင့် ၀.၇ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားခဲ့ရာ ယင်းကျဆင်းမှုသည် ယူရိုဇုန်တွင် (၁၇) လ ဆက်တိုက်ဖြစ်ပေါ်နေသည့် ကျဆင်းမှုလမ်းကြောင်းတစ်ခုကို ဆက်လက်ဖြစ်ပေါ်စေ နေလိမ့်မည်ဟု ဆိုထားပါသည်။

လအလိုက်နှိုင်းယှဉ်ချက်များအရ ယူရိုငွေကြေးသုံးစွဲသော နယ်ပယ်ဒေသ (Bloc) အတွင်း အစားအသောက်နှင့် ဆေးရွက်ကြီးကုန်သွယ်မှုသည် ၀.၄ ရာခိုင်နှုန်း၊ အစားအသောက် မဟုတ် သော ထုတ်ကုန်များသည် ၀.၂ ရာခိုင်နှုန်းနှင့် မော်တော်ယာဉ်စက်သုံးဆီများသည် ၁.၄ ရာခိုင် နှုန်း အသီးသီး ကျဆင်းခဲ့ပါသည်။

အီးယူတွင်လည်း Bloc ကဲ့သို့ပင် ကုန်စည်အမျိုးအစားအလိုက် ပြောင်းလဲမှုများ အတူတူပင် ဖြစ်ပါသည်။ အစားအသောက်နှင့် ဆေးရွက်ကြီး ရောင်းအားမှာ ၀.၅ ရာခိုင်နှုန်းခန့်နှင့် အစားအသောက် မဟုတ်သော ထုတ်ကုန်များမှာ ၀.၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး မော်တော်ယာဉ် လောင်စာဆီရောင်းချမှုမှာမူ ၀.၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဂျာမနီနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့၏ လအလိုက် ရောင်းအားကျဆင်းမှုမှာ အကြီးမားဆုံးကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ပိုလန်နှင့် ခရိုအေးရှားတို့မှာမူ ရောင်းအားအမြင့်ဆုံးသို့ တိုးတက်ရောက်ရှိလာခဲ့သည်။

နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ဘယ်လ်ဂျီယံသည် (-) ၆.၈ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံး ကျဆင်းမှုဖြစ်ခဲ့ပြီး၊ ခရိုအေးရှားသည် ၉.၂ ရာခိုင်နှုန်းဖြင့် သိသာထင်ရှားသော ရောင်းအားခုန်တက်မှုကို ပြသခဲ့သည်။

ဥရောပတွင် ငွေကြေးဖောင်းပွမှု နှေးကွေးလာခြင်းကြောင့် အသုံးစရိတ်သုံးစွဲမှုနှင့် စားသုံးမှုပမာဏများ တိုးလာမည်ဟု မျှော်မှန်းထားသော်လည်း လက်တွေ့တွင် ယခုအချိန်အထိ ထိုသို့ဖြစ်လာမည်ကို သက်သေပြနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။

 

 

Source:         https://www.euronews.com/business/2024/04/05/european-consumers-reluctant-to-splash-cash-despite-slowing-inflation

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany