China(Nanning)

ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်သည် မေလတွင် ကျဆင်းခဲ့

Last Updated:

တရုတ်နိုင်ငံ၏ ပို့ကုန်သည် မေလတွင်မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာကျဆင်းသွားပြီး သွင်းကုန်များလည်း ကျဆင်းနေကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် ပြည်ပဝယ်လို အားရရှိရန် ရုန်းကန်နေရကာ ပြည်တွင်းစားသုံးမှုမှာလည်း နှေးကွေးနေကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်၏ပို့ကုန်တင်ပို့မှုသည် ဧပြီလတွင် (၈.၅) ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း မေလတွင်ယခင်နှစ်ထက် (၇.၅) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇန်နဝါရီလ နောက်ပိုင်းအကြီးမားဆုံး ကျဆင်းမှုဖြစ်ကြောင်း၊ မေလ၌သွင်းကုန်တွင်လည်း (၄.၅) ရာခိုင်နှုန်းကျဆင်းသွားကာ ယခင်လက(၇.၉) ရာခိုင်နှုန်းထက် ကျဆင်းမှုနည်းသွားခဲ့ကြောင်း သိရှိရပါသည်။

ပို့ကုန်ကျဆင်းခြင်းသည် တရုတ်ကုန်ပစ္စည်းများ၏ ဝယ်လိုအားကျဆင်းမှုကို ထင်ဟပ်စေလျက်ရှိပြီး တရုတ်နိုင်ငံသည် ကုန်ချောပစ္စည်းများ ထုတ်လုပ်ရန် ပြည်ပမှ အစိတ်အပိုင်းများနှင့် ပစ္စည်းကိရိယာများကို တင်သွင်းလျက်ရှိရာ သွင်းကုန်ကျဆင်းခြင်းနှင့်လည်း ဆက်စပ်နေကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ အချက်အလက်များအရ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် မေလတွင် (၂၀.၈) ရာခိုင်နှုန်းကျဆင်းသွားသည်ကို ပြသခဲ့ကြောင်း၊ ကိုရီးယားမှ semiconductor တင်ပို့မှုသည် (၃၆.၂)ရာခိုင်နှုန်း ကျဆင်းသွားရာ ကုန်ချောထုတ်လုပ်သူများမှ အစိတ်အပိုင်းများ ဝယ်လိုအား လျော့နည်းနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပို့ကုန်ကျဆင်းမှုသည် ကမ္ဘာ့စီးပွားရေး နှေးကွေးနေချိန်တွင် တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားအပေါ်မှီခိုရန် လိုအပ်နေသည်ကို ပြသလျက်ရှိပြီး ကမ္ဘာ့ဝယ်လိုအားသည် ဒုတိယနှစ်ဝက်တွင် ပိုမိုကျဆင်းလာဖွယ်ရှိကြောင်း၊ ထို့ကြောင့်ကျန်ကာလများတွင် ပြည်တွင်းစားသုံးမှုကိုမြှင့်တင်ရန် တရုတ်အစိုးရအတွက်ဖိအားများရှိလာနိုင်ကြောင်း Pinpoint Asset Management မှ စီးပွားရေးပညာရှင် Zhiwei Zhang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါ ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုကြောင့် စက်ရုံများတွင် ထုတ်လုပ်မှု ဆက်လက်နှေးကွေးနေသဖြင့် လေ့လာသုံးသပ်သူများသည် ကျန်တစ်နှစ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ မျှော်မှန်းချက်များကို လျှော့ချလိုက်ကြောင်း သိရှိရပါသည်။

တရုတ်အစိုးရသည် ၂၀၂၂ ခုနှစ် မျှော်မှန်းချက်ကို လွဲချော်ခဲ့ပြီးနောက် ယခုနှစ်အတွက် GDP တိုးတက်မှုကို (၅) ရာခိုင်နှုန်း ဝန်းကျင်သာ မျှော်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: https://www.cnn.com/2023/06/07/economy/china-trade-may-exports-hnk-intl/index.html

စီးပွားရေးသံမှူး၊ နန်နင်း

Category: China(Nanning)