China(Nanning)

တတိယအကြိမ် တရုတ်-အာဖရိက ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မြို့တော် ချန်ရှားတွင် ကျင်းပမည်

Last Updated:

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော်ချန်ရှားတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင် (၂)ရက်နေ့အထိကျင်းပမည့် တတိယအကြိမ်မြောက် တရုတ်-အာဖရိက စီးပွားရေးနှင့်ကုန်သွယ်မှုကုန်စည်ပြပွဲသို့ အာဖရိကနိုင်ငံ (၅၀)နှင့် နိုင်ငံတကာအဖွဲ့အစည်း (၈)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ရန် စာရင်းသွင်းထားကြောင်း သိရှိရပါသည်။

“Common Development for a Shared Future” ခေါင်းစဉ်ဖြင့်ကျင်းပမည့်  အဆိုပါပြပွဲတွင် ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်သည့် အခြေခံအဆောက်အဦများ၊ အကောက်ခွန်နှင့် ကုန်ပစ္စည်းစစ်ဆေးခြင်း၊ ဆေးဝါးနှင့်ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန်များ၊ စက်မှုဥယျာဉ်များ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် အခြားအကြောင်းအရာများ ပါဝင်သည့် အစီအစဉ်(၄၀)ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန အကြီးအကဲ Shen Yumou က ၆-၆-၂၀၂၃ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကုန်စည်ပြပွဲတွင် ဘီနင်၊ ကွန်ဂို၊ မာဒါဂတ်စကာ၊ မါလာဝီ၊ မော်ရိုကို၊ မိုဇမ်ဘစ်၊ နိုင်ဂျီးရီးယားနှင့် ဇမ်ဘီယာတို့မှ Countries of Honour အဖြစ် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြပွဲအတွင်း၌ တရုတ်-အာဖရိက ကုန်သွယ်မှုအညွှန်းကိန်းကို ပထမဆုံးအကြိမ် ထုတ်ပြန်မည်ဖြစ်ပြီး အာဖရိကနိုင်ငံများနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အညွှန်းကိန်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ကုန်စည်ပြပွဲသည် တရုတ်နှင့်အာဖရိကနိုင်ငံများအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် အဓိကစင်္ကြံတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်နှင့်၂၀၂၁ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ကုန်စည်ပြပွဲသို့ တရုတ်နှင့်အာဖရိကနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ငွေကြေးအဖွဲ့အစည်းပေါင်း (၁,၀၀၀)ကျော် တက်ရောက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများနှင့် သဘောတူညီချက် စုစုပေါင်း (၂၁၆)ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202306/06/WS647ef24ca31033ad3f7bac68. html

စီးပွားရေးသံမှူး၊ နန်နင်း

Category: China(Nanning)