Thailand

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းကြောင့် ထိုင်းဆန်ဖြူ ပြည်တွင်းဈေးနှုန်း ကျဆင်းနိုင်ဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်မဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပြန်လည်စတင်လိုက်ခြင်းကြောင့် ထိုင်းဆန်ဖြူ ပြည်တွင်းဈေးနှုန်း စတင်ကျဆင်းလာလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ ပြောင်းလဲလိုက်ခြင်းကြောင့် ယခုနှစ် ဆန်ပို့ကုန်ပမာဏကို ထိခိုက်မှုမရှိသေးပါ ကြောင်း၊ အိန္ဒိယနိုင်ငံ အစိုးရက ဘာစမာတီဆန်မဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ထားသည်မှာ ၁ နှစ်ကျော်ကြာမြင့်ပြီးနောက် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အဆိုပါ ပိတ်ပင်မှုကို ရုတ်သိမ်းလိုက်ပါကြောင်း၊ ထို့ပြင် ပေါင်းဆန်အတွက် ပို့ကုန်အခွန်ကို ၂၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါကြောင်း၊ တနင်္လာနေ့ဈေးနှုန်းအရ အိန္ဒိယ ဆန်ဖြူ ဆန်ကွဲ (၅ ရာခိုင်နှုန်း) ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၄၉၀ ဖြစ်ပါကြောင်း၊ ဝယ်ယူသူများနှင့် ရောင်းချသူများသည် အိန္ဒိယ၏ ဆန်ထောက်ပံ့မှု တိုးမြှင့်လာမည့် သက်ရောက်မှုအပေါ် တွက်ချက်လျက်ရှိပြီး အိန္ဒိယ ဆန်ပို့ကုန်လုပ်ငန်းရှင်များ၏ အမှန်တကယ်ရောင်းဈေးအပေါ် မသေချာဖြစ်နေပါကြောင်း၊ ပို့ကုန်ကန့်သတ်ချက်ကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဖြူထောက်ပံ့မှုတွင် တန်ချိန် ၅ သန်းမှ ၆ သန်း ကြား တိုးမြင့်လာဖွယ်ရှိကြောင်း Thai Rice Exporters Association ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က သုံးသပ်ပြောကြားခဲ့ပါသည်။

ယခင် ရက်သတ္တပတ်က ထိုင်းဆန်ကွဲ (၅ ရာခိုင်နှုန်း) ဆေးနှုန်းသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀ မှ ၅၂၀ သို့ ကျဆင်းခဲ့ပါကြောင်း၊ ဆန်ဖြူဈေးနှုန်းသည် ၁ တန်လျှင် ဘတ် ၁၆,၅၀၀-၁၇,၀၀၀ မှ ဘတ် ၁၅,၃၀၀ သို့ ကျဆင်းခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၈.၅ သန်းထက်ကျော်လွန်မည်ဟု ခန့်မှန်းထားခဲ့ပြီး လာမည့်နှစ်တွင် အိန္ဒိယသည် တန်ချိန် ၁၃၈ သန်း ထုတ်လုပ်နိုင်သည်ဟု ခန့်မှန်းထားချက်အရ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၆ သန်းခန့် ကျဆင်းနိုင်ကြောင်း၊ ဈေးကွက်အတွင်း ဆန်ထောက်ပံ့မှု မြင့်မားလာသည့် အပေါ် မူတည်၍ ထိုင်းဆန်ပို့ကုန် ဈေးနှုန်းသည် ကျဆင်းနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၆.၇၅ သန်းဖြစ်ကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနထံ ဆန်တင်ပို့မှုအတွက် ခွင့်ပြုချက် တောင်းခံမှုများသည် ပုံမှန်ရှိနေပါကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand