Phillippines

အယ်နီညိုရာသီဥတု၏ သက်ရောက်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အုန်းဆီ (Coconut Oil) တင်ပို့မှု သိသိသာသာလျော့ကျ

Last Updated:

အယ်နီညိုရာသီဥတု၏ သက်ရောက်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အုန်းဆီတင်ပို့မှု လျော့ကျခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန် ၉၀၀,၀၀၀ ထိသာရှိနိုင်ကြောင်း နိုင်ငံတကာအေဂျင်စီ ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ပိုမိုခြောက်သွေ့သည့် ရာသီဥတု အခြေအနေသည် အုန်းသီးမှ ထုတ်လုပ်သည့်ပစ္စည်းများ အထွက်နှုန်းအားကျဆင်းစေခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အခြေစိုက် အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောကြားခဲ့ပါသည်။

အုန်းသီးထွက်ရှိမှုနည်း၍ ရောင်းချနိုင်မှုကျဆင်းခဲ့ခြင်းကြောင့် အုန်းဆီထုတ်လုပ်မှု ကျဆင်းခဲ့ပါကြောင်း၊ ထို့အတွက် ဖိလစ်ပိုင်နိုင်ငံ၏ အဓိကထုတ်ကုန်တင်ပို့သည့် ကုန်ပစ္စည်းတစ်ခုဖြစ်သည့် အုန်းဆီတင်ပို့မှုအား ကျဆင်းစေပါကြောင်း၊ ခန့်မှန်းတွက်ချက်မှုများအရ ဖိလစ်ပိုင်နိုင်ငံ၏ အုန်းဆီတင်ပို့မှုသည် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၁.၁၄ သန်းတင်ပို့ခဲ့ရာမှ ၂၁% ထိကျဆင်းနိုင်ပြီး မက်ထရစ်တန်ချိန် ၉၀၀,၀၀၀ ထိ ကျဆင်းသွားနိုင်ကြောင်း ဖော်ပြထားပါသည်။

အစိုးရနှင့် အုန်းသီးကဏ္ဍ၏ ထုတ်ပြန်သည့် စာရင်းဇယားများအရ အုန်းသီးစိုက်ပျိုးထုတ်လုပ် နေသည့် ဖိလစ်ပိုင်နိုင်ငံ၏ ဒေသ ၄၆ ခုခန့်သည် အယ်နီညိုရာသီဥတု၏ သက်ရောက်မှုကြောင့် ထိခိုက်ခဲ့ရပါကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဒေသ (၁၀) ခုမှ အုန်းဆီ ထုတ်လုပ်သည့်စက်ရုံ (၆၂) ခုထုတ်လုပ်နိုင်စွမ်းအား မက်ထရစ်တန် ၃.၆၈၅ သန်း အပေါ် သက်ရောက်မှုများရှိခဲ့ပါသည်။ ခြောက်သွေ့သည့် ရာသီဥတုအခြေအနေကြောင့် အုန်းစိုက်ပျိုးသည့်ဧရိယာများအား သက်ရောက်မှုစေခဲ့ပြီး အထွက်နှုန်းကျဆင်းခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။

အီးယူမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းဥပဒေများ တင်းကြပ်လာမှုကြောင့်လည်း တင်ပို့မှုများ ကျဆင်းခဲ့ပါကြောင်း၊ ပြည်တွင်း အုန်းဆီစက်ရုံများမှာလည်း အီးယူသို့တင်ပို့ရာတွင် သတ်မှတ်ထားသည့် စံချိန်/စံညွှန်းများနှင့်အညီဖြစ်စေရေး ထုတ်လုပ်နေရခြင်းကြောင့် ကနဦးအခက်အခဲများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ အီးယူ၏ လိုအပ်ချက်မှာ lower mineral oil saturated hydrocarbons (MOSH) နှင့် mineral aromatic hydrocarbons (MOAH) ရှိစေရန် ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် အုန်းဆီ (coconut oil) ထုတ်လုပ်တင်ပို့သည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

 

 

Source; https://www.philstar.com/business/2024/04/10/2346489/el-nio-slash-coconut-oil-exports

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines