China(Nanning)

တရုတ်နှင့် ဟွန်ဒူးရပ်စ်နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement-FTA) ဆိုင်ရာ ဆွေးနွေးမှုများ မကြာမီစတင်မည်

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဟွန်ဒူးရပ်စ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် ဟွန်ဒူးရပ်စ်နှင့် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (Free Trade Agreement-FTA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးမှုများ စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao နှင့် ဟွန်ဒူးရပ်စ်နိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Fredis Cerrato တို့သည် အဆိုပါသတင်းကို (၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄)  ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်တစ်ခုမှတစ်ဆင့် ပူးတွဲကြေညာခဲ့ခြင်းဖြစ်သည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နှင့် အမေရိကအလယ်ပိုင်းနိုင်ငံ တစ်ခုဖြစ်သည့် ဟွန်ဒူးရပ်စ်တို့သည် ဇွန်လ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်၌ နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုများပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရပါသည်။

FTA အတွက် စေ့စပ်ညှိနှိုင်းမှုများ စတင်ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ FTA ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းများ အားကောင်းလာစေရေးအတွက် တွန်းအားဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုတောက်ပသော အနာဂတ်ကို စဉ်ဆက်မပြတ်ဖန်တီး၍ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုမှ ရလဒ်ကောင်းများရရှိနိုင်ရေး ဟွန်ဒူးရပ်စ်နှင့် လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ တရုတ်နှင့် ဟွန်ဒူးရပ်စ်နိုင်ငံတို့အကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်၊ ပထမ (၅)လ တွင် အမေရိကန်ဒေါ်လာသန်း (၇၄၀)အထိ ရှိခဲ့ပြီး ယခင်နှစ်ထက် (၁၄.၉)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဟွန်ဒူးရပ်စ်နိုင်ငံမှ ကော်ဖီ၊ သစ်သီးနှင့် ရေထွက်ပစ္စည်းများကို အဓိက တင်သွင်းနေပြီး အဝတ်အထည်၊ စက်ယန္တရားများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ကွန်ပျူတာ၊ ပရိဘောဂ၊ အရုပ်များနှင့် အခြားနေ့စဉ်သုံးပစ္စည်းများကို ဟွန်ဒူးရပ်စ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရှိရပါသည်။

လက်ရှိတွင် တရုတ်နှင့် ဟွန်ဒူးရပ်စ်ကုမ္ပဏီများသည် တရုတ်နိုင်ငံသို့ ဟွန်ဒူးရပ်စ် လယ်ယာထွက်ကုန်များ တင်ပို့ခြင်းအပါအဝင် စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိုသာ အဓိကအာရုံစိုက်လျက်ရှိသည်ဟု China Academy of International Trade and Economic Cooperation လက်အောက်ရှိ နိုင်ငံတကာကုန်သွယ်မှုဌာန ဒါရိုက်တာ Liang Ming က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်ဖက် စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: www.china.org.cn/business/index.htm

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)