Thailand

ကြံစိုက်တောင်သူများအတွက် မက်လုံးပေးအစီအစဉ်အဖြစ် ဘတ် ၈ ဘီလီယံ ပေးအပ်မည့်အပေါ် ထိုင်းအစိုးရအဖွဲ့ ခွင့်ပြု

Last Updated:

၂၀၂၃-၂၀၂၄ ကြံခုတ်ရာသီတွင် PM 2.5 ဖုန်မှုန့်လျှော့ချနိုင်ရန် ရည်ရွယ်၍ ကြံပင်များကို မီးမရှို့ဘဲ လတ်လတ်ဆတ်ဆတ်ခုတ်ပိုင်းရန် သဘောတူသည့် ကြံစိုက်တောင်သူများအား မက်လုံးပေး အစီအစဉ်ဆောင်ရွက်ရန်အတွက် ဘတ် ၈ ဘီလီယံကို ထိုင်းအစိုးရအဖွဲ့က သဘောတူလိုက်ကြောင်း သိရှိရပါသည်။

အစိုးရပိုင်ဘဏ်ဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါဘမ ဘဏ်မှ ဘဏ္ဍာငွေ ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ ကြံပင်များကို မီးမရှို့ဘဲ လတ်လတ်ဆတ်ဆတ်ပိုင်းဖြတ်ရန် သဘောတူသည့် လယ်သမားများကို ၁ တန်လျှင် ဘတ် ၂၅၀ ပေးအပ်မည်ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဆောင်သော ကြံနှင့်သကြားဘုတ်အဖွဲ့၏ ကြံစိုက်တောင်သူများအား ဘတ် ၈ ဘီလီယံမကျော်လွန်သည့် ထောက်ပံ့မှုပေးလိုသည့် ဆုံးဖြတ်ချက်နှင့်လည်းကိုက်ညီပါကြောင်း အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Rudklao Suwankiri က ပြောကြားခဲ့သည်။

ပြည်သူသန်းပေါင်းများစွာ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေသည့် PM2.5 လေထု ညစ်ညမ်းမှုသည် တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာသောကြောင့် အစိုးရအနေဖြင့် အရေးတကြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် မက်လုံးများပေးသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့်လည်း အဆိုပါ ပြဿနာများကို ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စာချုပ်များနှင့်လည်း မသွေဖယ်ပါကြောင်း၊ ထုတ်လုပ်မှုနှင့် ကုန်စည်ဈေးနှုန်းများကို ထိခိုက်မှုမရှိစေဘဲ စိုက်ပျိုးရေးကဏ္ဍ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြစ်သည့် Green Box အောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပံ့ပိုးမှုနှင့်ကိုက်ညီပါကြောင်း Ms. Rudklao က ဖြည့်စွက်ပြောကြားပါသည်။

၂၀၂၃-၂၀၂၄ ကြံခုတ်ရာသီတွင် တန်ချိန် ၈၂.၄ သန်း ထွက်ရှိရန် ခန့်မှန်းထားပြီး ထိုင်းပြည်သူများ စားသုံးမှုသည် တန် ၂.၅၇ သန်း ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand