China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ ဖူကူရှီးမားမှ စားသောက်ကုန်တင်သွင်းမှုများ တားမြစ်ရန်ရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တရုတ်နိုင်ငံရှိ စားသုံးသူများကို ကာကွယ်ရန်နှင့် နိုင်ငံတွင်း အဆိပ်အတောက်ဖြစ်စေမည့် မသန့်ရှင်းသောအစားအစာများ တင်သွင်းခြင်းကို ကာကွယ်ရန်အတွက် ဂျပန်နိုင်ငံ ဖူကူရှီးမားနှင့် အခြားစီရင်စု(၉)ခုရှိ စားသောက်ကုန်များ တင်သွင်းခြင်းကို တားမြစ်သွားရန်ရှိကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ၏ ဂျပန်နိုင်ငံမှ သမုဒ္ဒရာအတွင်းသို့ နျူကလီးယားရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်ရန်စီစဉ်နေမှုကို သုံးသပ်ထားသည့် အစီရင်ခံစာ၌ အကဲဖြတ်စစ်ဆေးမှုများတွင်ပါဝင်သည့် ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များကို အပြည့်အဝလိုက်နာခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်ဟု အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အရာရှိတစ်ဦးမှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

သန့်စင်ရေးအထောက်အကူပစ္စည်းများ၏ ယုံကြည်စိတ်ချနိုင်စွမ်းနှင့် ခိုင်မာသည့် စောင့်ကြည့်ရေးအစီအစဉ်များစသည်ဖြင့် ဂျပန်နိုင်ငံ၏ ပင်လယ်တွင်းသို့ စွန့်ပစ်သည့် အစီအစဉ်များ တရားဝင်ခြင်း ကိစ္စရပ်နှင့်စပ်လျဉ်း၍ မဖြေရှင်းနိုင်သော မေးခွန်းများစွာရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ၏ အခြားနေရာများမှ စားသောက်ကုန်များ အထူးသဖြင့်ရေထွက်ကုန်ပစ္စည်းများ ကြီးကြပ်ကွပ်ကဲမှု ခိုင်မာအားကောင်းစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အနေဖြင့် ရေဒီယိုသတ္တိကြွစေမည့်အရာများအတွက် စောင့်ကြည့်ကာကွယ်ရေးနည်းလမ်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေဒီယိုသတ္တိကြွအန္တရာယ်ရှိသည့် အဆိပ်အတောက်ဖြစ်စေမည့် ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တင်းကျပ်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။        

Source: China to ban imports of food products from Fukushima in Japan: GAC - People's Daily Online

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)