USA

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ၏ ခရီးစဉ်သည် တရုတ်နှင့် ဆက်ဆံရေးကို ကုစားရန်ရည်ရွယ်

Last Updated:

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ၏ ခရီးစဉ်သည် တရုတ်နှင့် ဆက်ဆံရေးပိုမို နွေးထွေးရေးကုစားရန် ရည်ရွယ်ကြောင်းဖော်ပြသည့်သတင်းအား ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၇၊ ၈ ရက်နေ့ထုတ် World Street Journal Weekend သတင်းစာတွင် “ Yellen Aims to Heal Ties With China” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen သည် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၌ တွေ့ဆုံရာတွင် သမ္မတဘိုင်ဒင်ဦးဆောင်သည့် အမေရိကန်အစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် ‘နိုင်သူကသာ အားလုံးယူ (Winner takes all)’ ဟူသော ယှဉ်ပြိုင်မှုမျိုး လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သို့ရာတွင် နှစ်ဘက်အကျိုးရှိစေမည့် စီးပွားရေးအရ ယှဉ်ပြိုင်မှုမျိုးကိုဆောင်ရွက်လိုကြောင်း ကာကွယ်ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘဏ္ဍာရေးဝန်ကြီး Janet Yellen ၏ ခရီးစဉ်သည် အမေရိကန်အနေဖြင့် ထိရှလွယ်သော နည်းပညာများ( Sensitive technology) ကို တရုတ်နိုင်ငံမှရရှိနိုင်ရန် ကန့်သတ်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြားဆက်ဆံရေးတင်းမာလာမှုကိုလျော့ကျစေရန် ရည်ရွယ်သည့်ခရီးစဉ်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Janet Yellen ကပြောကြားခဲ့ပါသည်။ အမေရိကန်အနေဖြင့် နိုင်ငံ့အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ထိုသို့ကန့်သတ်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးကို ဆိုးကျိုးဖြစ်စေမည့် အထင်လွဲမှုများကိုလည်းဖြစ်ပေါ်စေမည် မဟုတ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်ရာတွင် အဓိကကျသည့် သတ္တုနှစ်မျိုးကို တင်ပို့မှုထိန်းချုပ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Janet Yellen ၏ ခရီးစဉ် မတိုင်မီပြောဆိုခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။ ဘဏ္ဍာရေးဝန်ကြီး Janet Yellen အနေဖြင့် တရုတ်ဝန်ကြီးချုပ်နှင့် မတွေ့ဆုံမီ အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏လုပ်ဆောင်ချက်များအပေါ် သုံးသပ်လျက်ရှိပါကြောင်း၊ အမေရိကန်စီးပွားရေး လုပ်ငန်းများ၏ စိုးရိမ်မှုများဖြစ်သည့် တရုတ်နိုင်ငံ၏ နိုင်ငံပိုင်လုပ်ငန်းများနှင့် အခြားပြည်တွင်းကုမ္ပဏီများအပေါ် ထောက်ပံ့ငွေပေးခြင်း၏ ဈေးကွက်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များကို တရုတ်အကြီးအကဲများနှင့်တွေ့ဆုံစဉ် ဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ၂၀၂၃ခုနှစ်၊ မေလတွင် အမေရိကန် memory-chip ထုတ်လုပ်သည့်ကုမ္ပဏီ Micron  Technology ထံမှ ဝယ်ယူမှုများကို ပိတ်ဆို့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံကပြောကြားခဲ့ပါကြောင်း၊        မကြာသေးမီကာလတွင် အမေရိကန်၏ အလွတ်တမ်းစုံထောက် လုပ်ငန်း (Investigation firm) တစ်ခုဖြစ်သည့် Mintz Group ရုံးခန်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သည့် Bain & Co., ၏ ဝန်ထမ်းများကို ခေါ်ယူမေးမြန်းခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေတွင် အမျိုးလုံခြုံရေးဆိုသည့် အဓိပ္ပါယ်ကို ကျယ်ပြန့်စွာဖွင့်ဆိုထားပြီး တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများ၏ အချက်အလက်နှင့် ဒီဂျစ်တယ်ဆိုင်ရာလုပ်ငန်းစဉ်များကို ထိန်းချုပ်ထားပြီး အမေရိကုန်ကုမ္ပဏီများ၏ စီမခံခန့်ခွဲရေး အရာရှိများကို စိုးရိမ်စေကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးအနည်းငယ် ကျဆင်းမှုရှိလာချိန်တွင် အမေရိကန်နှင့် တည်ငြိမ်သော ဆက်ဆံရေးတည်ဆောက်ရန် အလျင်အမြန် လိုအပ်ပါကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ပြည်တွင်းရှိငွေကြေးဖောင်းပွမှုကို ဖြေရှင်းနေရချိန်တွင် တရုတ်နိုင်ငံမှာလည်း ကာလကြာဈေးနှုန်းကျဆင်းမှုပြဿနာနှင့် ရင်ဆိုင်နေရပါကြောင်း၊ ဤသည်မှာ ကိုဗစ်-၁၉နောက်ပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် ကန့်သတ်ချက်အားလုံးကို ဖြေလျော့လိုက်သဖြင့် မျှော်လင့်ထားသည်ထက် အားနည်းသည့်ရလဒ် ထွက်ပေါ်လာ၍ဖြစ်ပါကြောင်း၊ ပြဿနာကို ဖြေရှင်းရန် တရုတ်နိုင်ငံအနေဖြင့် အတိုးနှုန်းလျော့ချခြင်း၊ ငွေကြေးတန်ဖိုးလျော့ချခြင်း သို့မဟုတ် မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများအား ငွေကြေး သို့မဟုတ် စီးပွားရေးလုပ်ဆောင်ရန် စေ့ဆော်ပေးသည့် stimulus များ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်နိုင်ပါကြောင်းဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA