Korea

ဆမ်ဆောင်းအီလက်ထရောနစ်၏ ဖုန်းရောင်းအားကောင်းလာမှုကြောင့် တတိယသုံးလပတ်အမြတ်ငွေ မြင့်မားလာ

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ ဆမ်ဆောင်းအီလက်ထရောနစ်၏ ၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်ကာလ  အမြတ်ငွေသည် ယာယီစာရင်းအရ  ၂.၄ ထရီလီယံဝမ်( အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ)  အထိ ရောက်ရှိလာသည်ဟု ၁၁-၁၀-၂၀၂၃ နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဆမ်ဆောင်းအီလက်ထရောနစ်အနေဖြင့် သုံးလပတ်အလိုက် အမြတ်ငွေသည် ယခုနှစ်တစ်လျှောက်လုံးတွင် ၁ ထရီလီယံဝမ်အောက် ရောက်ရှိနေရာမှ တတိယသုံးလပတ်တွင် ခန့်မှန်းထားသည့် အမြတ် ငွေနှုန်းထားဖြစ်သည့် ၁.၈ ထရီလီယံဝမ်ထက်များစွာကျော်လွန်ရရှိခဲ့ပါကြောင်း ထုတ်ပြန်ထားပါသည်။

၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်အတွက် အမြတ်ငွေသည် ယခင်ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်အမြတ်ငွေတို့ထက် ၂၅၈.၂ ရာခိုင်နှုန်းနှင့် ၁၁.၇ ရာခိုင်နှုန်းစီ အသီးသီးမြင့်မားခဲ့ သော်လည်း ၂၀၂၂ ခုနှစ် တတိယသုံးလပတ်အမြတ်ငွေထက် ၇၇.၉ ရာခိုင်နှုန်း ကျဆင်းနေဆဲဖြစ်ပါ သည်။ သို့သော် တတိယသုံးလပတ်ကာလတွင် အမြတ်ငွေတိုးတက်ခဲ့သဖြင့် ဆမ်ဆောင်းအီလက်ထရောနစ်၏ စတော့ရှယ်ယာဈေးနှုန်းလည်း၁၁-၁၀- ၂၀၂၃ နေ့တွင် ၂.၇၁ ရာခိုင်နှုန်းမြင့်မားလာခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်ကာလအတွင်း စမတ်ဖုန်းအလုံးရေ ၅၉ သန်းနှင့် တက်ဘလက် အလုံးရေစုစုပေါင်း ၅.၉ သန်းအထိ တင်ပို့ရမှုမြင့်မားလာခဲ့ကြောင်း၊ အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင်ဖြန့်ချီခဲ့သည့် ခေါက်၍ရသော    စမတ်ဖုန်းများရောင်းအားသည် သိသိသာသာတိုးတက်ခဲ့ပါကြောင်း၊ Displays အော်ဒါများစွာလည်းလက်ခံရရှိခဲ့ပါကြောင်း၊ သို့သော်တစ်ပိုင်းလျှပ် ကူးပစ္စည်းများရောင်းအားကျဆင်းကာ အမြတ်ငွေလျော့ကျမှုများရှိခဲ့ပါကြောင်း Hyundai Motor Securities မှ သုတေသီ Mr. Roh Geun-chang ကပြောကြားခဲ့ပါသည်။

သို့သော် စတုတ္ထသုံးလပတ်ကာလတွင် ဆမ်ဆောင်းအီလက်ထရောနစ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများသိုလှောင်ထားမှု လျော့နည်းလာသည့်အပြင် ဈေးနှုန်းလည်းမြင့်မားလာသည့်အတွက် အဆိုပါပစ္စည်းများရောင်းချရမှုမှရသည့်ဝင်ငွေကျဆင်းမှု လျော့နည်းသွားနိုင်ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများဈေးကွက်သည် အနိမ့်ဆုံးအထိရောက်ရှိခဲ့ပြီးဖြစ်၍ ဆက်လက်ကျဆင်းစရာမရှိတော့ကြောင်း၊ သို့ဖြစ်၍ ၂၀၂၄ ခုနှစ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများရောင်းချရမှုမှ အမြတ်ငွေ ၁၀ ထရီလီယံဝမ်ကျော်သည်အထိ ရရှိနိုင်ကြောင်း၊ တစ်ဖက်တွင်လည်း ဆမ်ဆောင်းအနေဖြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်မှုနှင့် ယင်းတို့ကိုထုတ်လုပ်ရန်ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချသင့်ကြောင်း Meritz Securities မှ သုတေသီ Mr. Kim Sun-woo ကပြောကြားခဲ့ပါသည်။

 

 

 

Source: https://www.koreatimes.co.kr/www/tech/2023/10/129_360915.html

(ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea