Korea

၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမှုမြင့်မားလာ

Last Updated:

၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံ ရန်ကတိကဝတ်ပေးထားမှုသည် ယခင်နှစ်ကထက် ၅၄.၂ရာခိုင်နှုန်းမြင့်မားလာသည့်အပြင် မည်သည့်ပထမနှစ်ဝက် ဝင်ငွေများနှင့်မဆို နှိုင်းယှဉ်ရာတွင်လည်း မှတ်တမ်းတင်ဖွယ်မြင့်မားလာခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ ပြည်ပမှ အမေရိကန်ဒေါ်လာ ၁၇.၀၉ ဘီလီယံဖိုး လာရောက်ရင်းနှီးမြှုပ်နှံမည်ဟူသော ကတိကဝတ်ရရှိထားကြောင်း၊ ယင်းပမာသည် ယခင်နှစ်အလားတူကာလကဝင်ငွေဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၁. ၀၉ ဘီလီယံထက် သာလွန်ခဲ့ပါကြောင်း၊ သို့သော် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အမှန်တကယ် ဝင်‌ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ငွေမှာ  အမေရိကန်ဒေါ်လာ ၇.၇၅ ဘီလီယံသာ ရှိ သေးကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက် ဝင်ငွေမတိုင်ခင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ရရှိခဲ့သည့် မှတ်တမ်းတင် အမြင့်ဆုံးဝင်ငွေ မှာ ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၁၃.၁၄ ဘီလီယံဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတိကဝတ်အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံရရှိမည်ဖြစ်သည့် အတွက် ၁၄၅.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈.၄၈ ဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်သည့်အတွက် ၁၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ လျှပ်စစ်နှင့် အီလက်ထရောနစ်ကဏ္ဍတွင် ၆၆၃ ရာ ခိုင်နှုန်းတိုးတက်လာပြီး ဓါတုအင်ဂျင်နီယာကဏ္ဍတွင် ၄၆၄.၁ ရာခိုင်နှုန်း မြင့်မားလာခဲ့ပါသည်။ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၆၀၀ ဖိုး လာရောက် ရင်း နှီးမြှုပ်နှံမည်ဖြစ်သည့်အတွက် ၃၃.၄ ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုမှလည်း အမေရိကန်ဒေါ်လာသန်း ၃.၆၆ ဘီလီယံဖိုး လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်သည့်အတွက် ၂၄.၁ ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများ၊ ဗြိတိန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှလည်း လာရောက်ရင်းနှီးမြှုပ်နှံမှု မြင့်မားလာပါကြောင်း၊ အထူးသဖြင့် ချစ်ပ်ပြားများ၊ ဘက်ထရီများ၊ လေစွမ်းအင်၊ ဟိုက်ဒရိုဂျင်စွမ်းအင်နှင့် ဇီဝနယ်ပယ်များကဲ့သို့သော အဆင့်မြင့်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများတွင်လာရောက်ရင်းနှီးမြှုပ်နှံမှု မြင့်မားလာကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

 

 

 

 

 

Source: https://www.koreatimes.co.kr/www2/common/search.asp

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

                                                                            

Category: Korea