Phillippines

ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပုဇွန်တင်ပို့မှုအား ယာယီရပ်ဆိုင်းထားသင့်ကြောင်း ကုန်သွယ်/စက်မှုဝန်ကြီးဌာနမှ အကြံပြုပြောကြား

Last Updated:

    အမေရိကန်နိုင်ငံ၏ လတ်တလောသွင်းကုန်မူဝါဒ ပိုမိုတင်းကြပ်လာမှုကြောင့် ဖိလစ်ပိုင်ပုဇွန် တင်ပို့သူများအနေဖြင့် အမေရိကန်နိုင်ငံသို့ ပုဇွန်တင်ပို့ခြင်းအား ယာယီရပ်ဆိုင်းထားသင့်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်/စက်မှုဌာနလက်အောက်ခံ Export Marketing Bureau (EMB) မှ အကြံပြုပြော ကြားခဲ့ပါသည်။ အမေရိကန်အစိုးရသည် ၂၀၂၃ ခုနှစ်၊မေလကထုတ်ပြန်ခဲ့သည့် Public Law 101-162, Section 609 ပါ ပြဋ္ဌာန်းချက်များအရ Turtle Excluder Devices များအသုံးပြုခြင်း သို့မဟုတ် စီးပွား ဖြစ်ပုဇွန်ဖမ်းဆီးသည့်နည်းပညာအသုံးပြုခြင်းများသည် လိပ်မျိုးစိတ်များအား  ထိခိုက်မှုရှိစေသည့် အတွက် တင်သွင်းခြင်းကို တားမြစ်ထားပါကြောင်း၊ မွေးမြူရေးပုဇွန်များကိုသာ အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့်ပေးသည်ဟု ဖော်ပြထားပါသည်။

        အမေရိကန်၏ပုဇွန်တင်သွင်းမှုမူဝါဒမှာ အထက်ဖော်ပြပါနည်းလမ်းသုံးစွဲ၍ တင်ပို့သူများကိုသာ တားမြစ်ထားခြင်ဖြစ်သည့်အတွက် ဖိလစ်ပိုင်မှ ပုဇွန်တင်ပို့သူများအနေဖြင့် အမေရိကန်အကောက်ခွန် နှင့်နယ်စပ်ဒေသကာကွယ်ရေးအဖွဲ့မှ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ဖြေရှင်းပေးသည့်အချိန် စောင့်ဆိုင်း ပြီးမှသာ ပြန်လည်တင်ပို့သွားရန်  ဖိလစ်ပိုင်ကုန်သွယ်/စက်မှုဝန်ကြီးဌာနက ၁၂-၂-၂၀၂၄ ရက်နေ့က ၎င်းတို့ ၏ ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် အသိပေးကြေညာခဲ့ပါသည်။  

      ပြင်ဆင်လိုက်သည့်မူဝါဒအသစ်အရအမေရိကန်နိုင်ငံသို့ တင်သွင်းမည့် ပုဇွန်နှင့်ဆက်စပ်ပစ္စည်း များအတွက် သွင်းကုန်ကြေညာလွှာ သို့မဟုတ် ပုဇွန်တင်ပို့ကြောင်းသက်သေခံလက်မှတ် DS-2031 ရှိရ မည်ဖြစ်ပြီး Humane Harvesting Methods of Shrimp နည်းလမ်းအသုံးပြုထားခြင်း ရှိ/မရှိ စစ်ဆေး မှုခံယူရမည်ဖြစ်ပါကြောင်း၊ တင်ပို့မည့်နိုင်ငံအသီးသီးမှ တာဝန်ခံဌာနများမှလည်း လက်မှတ်ရေးထိုး အတည်ပြုပေးသွားရမည်ဖြစ်ပါသည်။ ယခုထုတ်ပြန်လိုက်သည့် ဥပဒေနှင့်အကျုံးဝင်သည့် ပုဇွန်ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ Bureau of Fisheries and Aquatic Resources (BFAR) ထံမှ သွင်းကုန်ကြေညာလွှာ သို့မဟုတ် ပုဇွန်တင်ပို့ကြောင်းသက်သေခံလက်မှတ် ရရှိရန် တိုက်ရိုက် လျှောက်ထားတောင်းခံရမည် ဖြစ်ပါသည်။

        ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ပုဇွန်လုပ်ငန်းကဏ္ဍလမ်းပြမြေပုံ (၂၀၂၁-၂၀၄၀)ပါအရဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာအဆင့် ပုဇွန်တင်ပို့မှု ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ရန်နှင့် အရှေ့တောင်အာရှဒေသတွင်းတွင် စတုတ္ထအဆင့်နေရာတွင် ရရှိစေရမည် ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းပုဇွန်မွေးမြူထုတ်လုပ်ခြင်း၏ ၁၀% အား ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပြီး ၉၀%  မှာ ပြည်တွင်းစားသုံးခြင်းဖြစ်ပါသည်။

        ရေထွက်လုပ်ငန်းကဏ္ဍ၏ ၈၀% ခန့်မှာ ပုဇွန်မွေးမြူထုတ်လုပ်ခြင်းဖြစ်ပြီး ထုတ်လုပ်မှု၏ ၆၀% မှာ Giant Black Tiger Shrimp ဖြစ်ပြီး ၃၀% မှာ Pacific White Shrimp ဖြစ်ပါကြောင်း၊ ရေချိုပုဇွန် မှာ ၁% အောက်တွင်သာ ရှိပါသည်။ နှစ်စဉ်ပုဇွန်မွေးမြူထုတ်လုပ်ခြင်းတိုးတက်လာပြီး Black Tiger Shrimp ထုတ်လုပ်မှုတန်ချိန် မက်ထရစ်တန် ၅,၀၀၀ အနည်းဆုံးရှိပြီး White Shrimp မက်ထရစ်တန် ၂၀,၀၀၀ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်တင်ပို့နိုင်မှုမှာလည်း နှစ်စဉ် ၂၀% မှ ၂၅% ထိ ကာလရှည် တလျှောက်လုံး မြင့်တက်ခဲ့ပါသည်။ ထို့ပြင် National Comprehensive Shrimp Breeding Program အား အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ရှိပြီး ပုဇွန်မွေးမြူထုတ်လုပ်သူနှင့် ပို့ကုန်တင်ပို့သူများ အတွက် ရည်ရှည်အကျိုးရှိစေရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

 

Source;https://mb.com.ph/2024/2/14/dti-advises-ph-exporters-to-halt-shrimp-imports-to-us

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

 

 

Category: Phillippines