Korea

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအား တရုတ်နိုင်ငံဈေးကွက်မှ ထွက်ခွာရန် တိုက်တွန်းထား

Last Updated:

တောင်ကိုရီးယားနိုင်ငံမှ စီးပွာရေးလုပ်ငန်းများသည် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရန်နှင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အားထားနေမှုကိုလျှော့ချပြီး အခြားသောအာရှ ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ဆောင်ရွက်နေကြပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ် နိုင်ငံတို့အကြား အင်အားပြိုင်ဆိုင်မှုမြင့်မားလာခြင်းကြောင့် ကြုံတွေ့ရနိုင်သည့်ဆုံးရှုံးမှုများ လျော့နည်းစေရန်ရည်ရွယ်၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း စီးပွာရေးလုပ်ငန်းရှင်များက ပြောကြားခဲ့ ပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ ၆ လတွင် တောင်ကိုရီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှတရုတ်နိုင်ငံ သို့ ကုမ္ပဏီရုံးခွဲသွားရောက်ဖွင့်လှစ်သည့်အရေအတွက်သည် ၈၇ ရုံးသာ ရှိသည့်အတွက်  ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၁၂.၁ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် အလားတူကာလတွင် ဂျပန်ဈေးကွက်သို့သွားရောက် ရုံးခွဲဖွင့်လှစ်မှုအရေအတွက်သည် ၁၁၈ ရုံးအ ထိ ရောက်ရှိခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းများတွင် ဖော်ပြထားပါသည်။ ဂျပန်ဈေးကွက်သို့ သွားရောက်ရုံးခွဲဖွင့်လှစ် မှုအရေအတွက်သည် တရုတ်နိုင်ငံထက်သာလွန်ခဲ့သည်မှာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအ ကြိမ်ဖြစ်လာပါသည်။

ရေရှည်တွင် တရုတ်နိုင်ငံဈေးကွက်အပေါ် ပို့ကုန်တင်ပို့မှုအားထားခြင်းကို တဖြည်းဖြည်း လျှော့ချရခြင်းမှာ တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးကို ပိတ်ပင်ထားမည့်ဘက်သို့ဦးတည်နေသည့် လက္ခဏာရှိနေ၍ဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံ၊ ဆယ်ဂျုံးတက္ကသိုလ်၏ စီးပွားရေးစီမံခန့်ခွဲမှု ဆိုင်ရာပါမောက္ခ Mr. Kim Dae-jong ကပြောကြားပါသည်။ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် တရုတ်နိုင်ငံအစား အခြားသောအာရှနိုင်ငံများဖြစ်ကြသည့် ဂျပန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကဲ့သို့သော နိုင်ငံများသို့ပြောင်းရွှေ့လိုကြကြောင်း၊ နာမည်ကြီး ရှင်ဆယ်ဂယ် (Shinsegae) နှင့် လော့တဲ (Lotte) ကုမ္ပဏီကြီးများကလည်း ယင်းတို့၏ လက်လီအရောင်းဆိုင်များကို စတင်ရုပ်သိမ်းနေပြီဖြစ်ပါကြောင်း၊ ကုမ္ပဏီငယ်များကလည်း လုပ်ငန်းထပ်မံချဲ့ထွင်လိုခြင်း မရှိကြတော့ကြောင်း ပါမောက္ခ Mr. Kim Dae-jong ကပြောကြားပါသည်။

အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံထွက်ကုန်များအပေါ် တင်းကျပ်သောစည်းမျဉ်းများ ချမှတ်နေသည့်အတွက် တောင်ကိုရီးယားနိုင်ငံရှိ လုပ်ငန်းစုကြီးများအနေဖြင့် တရုတ်နိုင်ငံရှိ ၎င်းတို့လုပ်ငန်းများကို တိုးချဲ့ရန်မဖြစ်နိုင်တော့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံသာမက အခြားသော နိုင်ငံများသည်လည်း တရုတ်နိုင်ငံမှ ဆုတ်ခွာ၍ ဟောင်ကောင်၊ စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံကဲ့သို့ သောနိုင်ငံများသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း တောင်ကိုရီးယားနိုင်ငံရှိ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရှိ စက်မှုမူဝါဒဌာနခွဲတာဝန်ခံ Mr. Moon-tae က ပြော ကြားခဲ့ပါသည်။

 

 

Source; https://www.koreatimes.co.kr/www/tech/2023/09/419_359687.html

(စီးပွားရေးသံမှူး၊ဆိုးလ်မြို့)

Category: Korea