Korea

တောင်ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီများအတွက် ကမ္ဘောဒီးယားနိုင်ငံက အခွင့်အလမ်းများဖန်တီးပေး

Last Updated:

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Trade Tower တွင် ဒုတိယအကြိမ်မြောက် ကိုရီးယား- ကမ္ဘောဒီးယားစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် (The 2nd Korea-Cambodia Business and Investment Forum) ကို ၂၁-၁၂-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Chring Botumrangsay က လျှင်မြန်စွာတိုးတက်မှုရှိလာသည့် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင် နှစ်နိုင်ငံအကြား စီးပွားရေးအရပူးပေါင်းဆောင်နေမှုများကို အထူးအလေးထား၍ ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံသည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (Free Trade Agreements- FTA) နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များ (Economic Partnership Agreements- EPA) တို့ ချုပ်ဆိုနိုင်မှုမြှင့်တင်ရန် ကတိပြုထားသည့်အပြင် ကမ္ဘာ့အလယ်တွင်အဓိကအရေးပါသော နိုင်ငံဖြစ်လာစေရန်နှင့်  ကိုရီးယား-အာဆီယံပေါင်းစည်း ဆက်နွယ်ရေးဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (Korea-ASEAN Solidarity Initiative-KASI) ကို ဆောင်ရွက်သွားရန် ကတိပြုခဲ့ပါကြောင်း၊ အဆိုပါ ကတိကဝတ်များသည် အာဆီယံဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပို၍ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးရေးအတွက် အဓိကကျသောအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း H.E. Chring Botumrangsay က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် စီးပွားရေးဆိုင်ရာပူးတွဲကော်မတီအစည်းအဝေး (Joint Economic Committee Meeting)၊ အခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ် (Agreement on Double Taxation Avoidance- DTA)၊ ကမ္ဘောဒီးယား-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် (Cambodia-Korea Free Trade Agreement- CKFTA) တို့ကို ချုပ်ဆိုခဲ့ပြီးသည့်အပြင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership- RCEP) နှင့် အာဆီယံ-ကိုရီးယားလွတ် လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် (ASEAN-ROK Free Trade Agreement) တို့ တွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။

The 2nd Korea-Cambodia Business and Investment Forum ကို CKFTA ချုပ်ဆို အကောင်အထည်ဖော်နိုင်ခဲ့သည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။ CKFTA သည် ၂၀၂၂ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်‌ဒေါ်လာ ၁.၀၅ ဘီလီယံအထိ မှတ်တမ်းတင်ဖွယ် မြင့်မားလာခဲ့ပါသည်။ မူလက တောင်ကိုရီးယားနိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံမှ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် အထည်အလိပ်၊  အလူမီနီယံနှင့် သဘာဝရာဘာတို့ကို တင်ပို့ခဲ့သော်လည်း ၂၀၂၁ ခုနှစ်က ထုတ်ပြန်လိုက်သော ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ပြည်တွင်း၌ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုကြောင့် ပို့နေကျကုန်စည်များအပြင် အခြားသောကုန်စည် အမျိုးမျိုးကို ပြောင်းလဲတင်ပို့လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ အချိုရည်၊ အလှကုန်နှင့် ကားများ တင်ပို့လျက်ရှိပါသည်။

မသေချာမရေရာသော ကမ္ဘာ့အခြေအနေအရပ်ရပ်ကြောင့် တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအား စိတ်ချရသောဈေးကွက်အဖြစ် ရှုမြင်လာပါကြောင်း၊ နိုင်ငံ၏ စီးပွားရေး တိုးတက်လာခြင်းနှင့် မဟာဗျူဟာကျသောအခွင့်အလမ်းများ (ဥပမာ-လုပ်သားခဈေးသက်သာခြင်း၊ လူငယ်အရေအတွက်များစွာရှိခြင်း) ရှိနေခြင်း စသည့်အချက်များက ဈေးကွက်သစ်ရှာဖွေနေသော ကိုရီးယားကုမ္ပဏီများအတွက် ဆွဲဆောင်မှုတစ်ရပ်ဖြစ်စေပါသည်။ အဆိုပါဖိုရမ်သို့ ကမ္ဘောဒီးယားနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အလုပ်သမားနှင့်သက်မွေးပညာဝန်ကြီးဌာနတို့မှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ၏ဈေးကွက်နှင့် အလားအလာတို့ကို ကိုရီးယားနိုင်ငံ ဘက်မှအမြင်ဖြင့် သုံးသပ်တင်ပြခဲ့ကြပါသည်။

 

 

Source: https://www.koreatimes.co.kr/www/nation/2023/12/113_365598.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea