Thailand

ဂက်စ်ဆိုဟော ပြတ်လပ်သွားကြောင်း ထုတ်ပြန်သည့် ထိုင်းနိုင်ငံအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များကို စွမ်းအင်ဝန်ကြီးဌာန စစ်ဆေးသွားမည်ဖြစ်

Last Updated:

ဂက်စ်ဆိုဟော ၉၁ နှင့် ၉၅ ဈေးနှုန်းများ လျှော့ချသည့် ထိုင်းအစိုးရ၏ မူဝါဒကြောင့် စက်သုံးဆီ အရောင်းဆိုင်များ၌ ဆီပြတ်လပ်သွားသည်ဟု ထုတ်ပြန်ချက်များအပေါ် တိုင်ကြားလာမှုကြောင့် ဆီလက်လီရောင်းသူများ ဆီများကို တရားမဝင် သိုလှောင်ထားမှုရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောကြားလိုက်ပါသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ ဂက်စ်ဆိုဟော ၉၁ (၁) လီတာလျှင် ၂. ၅ ဘတ်၊ ဂက်စ်ဆိုဟော ၉၅ (၁) လီတာလျှင် ၁ ဘတ် အသီးသီးလျှော့ချခဲ့ကြောင်း၊ ဈေးနှုန်းပြောင်းလဲမှု သက်ရောက်သည့် နာရီအနည်းငယ်အတွင်း  စက်သုံးဆီအရောင်းဆိုင်အများစုက ယင်းဆီအမျိုးအစား ၂ ခု ပြတ်လပ်သွားသည်ဟု ပြောကြားချက်များကြောင့် တိုင်ကြားချက်များ ပေါ်ထွက်လာရခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Pongpol Yodmuangcharoen က ရှင်းလင်းပြောကြားပါသည်။

အရောင်းဆိုင်များတွင် ဂက်စ်ဆိုဟော အဘယ်ကြောင့် အလျင်အမြန် ပြတ်လပ်သွားသည်ကို မော်တော်ကားယာဉ်မောင်းများမှ တိုင်ကြားချက်တွင် ဖော်ပြမေးခွန်းထုတ်ကြပါကြောင်း၊ ဆီများသို လှောင်ထားမှု ရှိမရှိ သက်ဆိုင်ရာကို စုံစမ်းစစ်ဆေးစေလိုကြကြောင်း၊ ဝန်ကြီးဌာနက နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ ရောင်းချမှုကို အနီးကပ်စောင့်ကြည့်ရန် ဝန်ထမ်းများကို တာဝန်ချထားပါကြောင်း၊ အရောင်းဆိုင်များသည် ဥပဒေကို ဆန့်ကျင်နေပါက ဘတ် ၁၄၀,၀၀၀ ဒဏ်ငွေ သို့မဟုတ် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းများအနေဖြင့် အရောင်းဆိုင်များ၏ မူမမှန် ရောင်းချနေမှုကိုတွေ့ရှိပါက စွမ်းအင်လုပ်ငန်းများဦးစီးဌာနသို့ အသိပေးရန်လိုကြောင်း Mr. Pongpol က ဖြည့်စွက်ပြောကြားပါသည်။

ဂက်စ်ဆိုဟော ၉၁ နှင့် ၉၅ စက်သုံးဆီအမျိုးအစားအတွက် ၁ ဘတ်စီ ဈေးနှုန်းလျှော့ချပေးရန် အောက်တိုဘာလ ၃၁ ရက်နေ့ အစိုးရဖွဲ့အစည်းအဝေးမှ ခွင့်ပြုခဲ့ပါကြောင်း၊ ဂက်စ်ဆိုဟော ၉၁ အတွက် ၁.၅ ဘတ်ကို Oil Fuel Fund မှ ထပ်မံထောက်ပံ့ပေးရန် ဝန်ကြီးဌာနက တောင်းဆိုခဲ့ပါကြောင်း၊ ဂက်စ်ဆိုဟော ၉၁ နှင့် ၉၅ ဆိုသည်မှာ ဂက်စ်ဆိုလင်းနှင့် အီသနော ၁၀ ရာခိုင်နှုန်း ရောနှောထားသည့် ဂက်စ်ဆိုဟော E10 ဖြစ်ပါကြောင်း၊ ၉၁ နှင့် ၉၅ နံပါတ် သတ်မှတ်ချက်များသည် အောက်တိန်းနှုန်းထား ကွဲပြားမှုကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ Oil Fuel Fund ၏ ထုတ်ပြန်ချက်အရ ဒီဇယ်ဆီဈေးနှုန်း လျှော့ချပေးမှုကြောင့် ဘတ် ၂၈.၉ ဘီလီယံ၊ LNG ဈေးနှုန်းလျှော့ချပေးမှုကြောင့် ဘတ် ၄၅.၃ ဘီလီယံ စုစုပေါင်း ဘတ် ၇၄.၂ ဘီလီယံ ဆုံးရှုံးခဲ့ပါကြောင်း၊ စက်သုံးဆီဈေးနှုန်း လျှော့ချပေးခြင်းဖြင့် ထောက်ပံ့ပေးသည့် အစီအစဉ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိဖြစ်ကြောင်း ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Mr. Prasert Sinsukprasert က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov၊

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand