Thailand

ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ဆန်စပါးအတွက် ဘတ် ၅၅ ဘီလီယံ ထောက်ပံ့မှုအစီအမံများအပေါ် ခွင့်ပြုခဲ့

Last Updated:

၂၀၂၃-၂၀၂၄ စပါးစိုက်ပျိုးရာသီတွင် ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဘတ် ၅၅ ဘီလီယံ အကုန်အကျခံဆောင်ရွက်မည့် အစီအမံများကို ယမန်နေ့ (၇-၁၁-၂၀၂၃) အစိုးရအဖွဲ့ အစည်းအဝေးက ခွင့်ပြုလိုက်ကြောင်း သိရှိရပါသည်။

လယ်သမားများအား အစိုဓာတ် ၂၅ ရာခိုင်နှုန်းဖြင့် စပါးရောင်းချမှုကို နှောင့်နှေးစေမည့် ချေးငွေများပါဝင်ကြောင်း၊ ဈေးကွက်ထဲတွင် စပါးဈေးမတက်မချင်း စပါးဝယ်ယူရာတွင် သမဝါယမအသင်းများအား စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လယ်သမားများ စပါးရောင်းချမှုကို ၅ လတာ နှောင့်နှေးစေမည့် ချေးငွေအစီအစဉ်များအရ အစိုးရအနေဖြင့် ဈေးကွက်အတွင်း ဝင်ရောက်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း၊ အစီအစဉ်တွင် ပါဝင်သွားမည့် တောင်သူများအား ၁ တန်လျှင် ဘတ် ၁၂,၀၀၀ နှင့် သိုလှောင်မှုအတွက် ၁ တန်လျှင် အပိုထပ်ဆောင်း ဘတ် ၁၅,၀၀၀ ပေးဆောင်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဤအစီအစဉ်အရ တန်ချိန် ၃ သန်း ရရှိရန် ရည်ရွယ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားပါသည်။

စိုက်ပျိုးရေးသမဝါယမအသင်းများက စပါးဝယ်ယူရာတွင် အစိုးရအနေဖြင့် ဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်ရန် ထိုင်း Hom Mali ရနံ့ပါ ဆန် ၁ တန်လျှင် ဘတ် ၁၂,၂၀၀ ဖြင့် ဝယ်ယူအားပေးသွားမည်ဖြစ်ပြီး တန်ချိန် ၁ သန်းဖြစ်ကြောင်း၊ အဆိုပါ ဆောင်ရွက်ချက် ၂ ခုအတွက် ဘတ် ၅၅ ဘီလီယံ လိုအပ်ကြောင်း၊ အဆိုပြု ဘတ်ဂျက် ဘတ် ၅၆ ဘီလီယံတွင် ပါဝင်သည့် အိမ်ထောင်စုတစ်စုလျှင် ၂၀ ဧကထက် မကျော်လွန်စေဘဲ ၁ ဧကလျှင် ဘတ် ၁,၀၀၀ နှုန်းဖြင့် ဆန်အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးပေးမည့် အစီအမံအတွက် နိုင်ငံအဆင့် ဆန်မူဝါဒကော်မတီ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရ၏ ဘတ် ၁,၀၀၀ ထောက်ပံ့ပေးမည့် အစီအစဉ်အတွက် သင့်လျော်သောပုံစံ စဉ်းစားနေပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားပါသည်။

လာမည့် ရိတ်သိမ်းရာသီတွင် ဆန်စပါးဈေးနှုန်းအပေါ် ကြားဝင်ဆောင်ရွက်ပေးမည့် မူဝါဒကို ပြင်ဆင်ရန် အစိုးရအနေဖြင့် လျာထားပါကြောင်း၊ ယင်းပြင်ဆင်မှုများသည် ထောက်ပံ့မှုများကို လျှော့ချခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးပွားစေရေးဖြစ်ကြောင်း၊ မူဝါဒအသစ်အရ ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ခြင်း သို့မဟုတ် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် စပ်လျဉ်း၍ တောင်သူများနှင့် ဦးစွာဆွေးနွေးရန် လိုအပ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားပါသည်။

အစိုဓာတ် ၁၅ ရာခိုင်နှုန်းရှိသော Hom mali စပါး ဈေးကွက်ပေါက်ဈေးမှာ ၁ တန်လျှင် ဘတ် ၁၄,၈၀၀ - ၁၅,၀၀၀ ခန့် ရှိပါကြောင်း၊  ရိတ်သိမ်းပြီးပါက အစိုဓာတ် ၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိပြီး ၁ တန်လျှင် ဘတ် ၁၂,၀၀၀-၁၂,၃၀၀ ပေါက်ဈေးရှိပါကြောင်း၊ လက်ရှိတွင် ဈေးကွက် ပေါက်ဈေးသည် ၁ တန်လျှင် ဘတ် ၁၁,၀၀၀ ဖြစ်သဖြင့် ဈေးနိမ့်နေပါကြောင်း၊ ယင်းကြောင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ဈေးကွက်အတွင်း ပိုလျှံဆန်ဝယ်ယူခြင်းနှင့် ဈေးနှုန်းတိုးမြှင့်ရေးအတွက် အစီအမံများ အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း  Mr. Chai က ရှင်းလင်းပြောကြားပါသည်။

၂၀၂၃-၂၀၂၄ တိရစ္ဆာန်ပြောင်းရိတ်သိမ်းရာသီတွင် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ် ၂ ခုအပေါ်တွင်လည်း အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ကြောင်း၊ ဘတ်ဂျက် ဘတ် ၆၅.၁ သန်းဖြစ်ပြီး ဈေးကွက်အတွင်း အလွန်အကျွံ ရောင်းလိုအားကို ရက် ၆၀ မှ ၁၂၀ အတွင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအဖွဲ့အစည်းများ၏ စတော့ခ်များကို ထိန်းထားစေရန် ၎င်းတို့အား အတိုးနှုန်း ထောက်ပံ့ပေးရန်နှင့် ဈေးကွက်အတွင်း ရောင်းလိုအား မြင့်မားနေချိန်တွင် ဈေးနှုန်းတည်ငြိမ်စေရန်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ အစိုးရ၏ စပါးရိတ်သိမ်းချိန် အလွန်အကျွံ ရောင်းလိုအား ဖြစ်ပေါ်နေချိန်တွင် စပါးဈေးနှုန်းကြောင့် တောင်သူများအပေါ် သက်ရောက်မှု နည်းပါးစေရန်နှင့် ပုဂ္ဂလိကကဏ္ဍ၏ ဈေးနှုန်းကစားမှုကို ထိန်းချုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။

 

 

 

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand