Korea

အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံခြားငွေလဲနှုန်းကို ခြယ်လှယ်ဈေးကစားခြင်းရှိ/ မရှိ စောင့်ကြည့်ခံနိုင်ငံများစာရင်းမှ တောင်ကိုရီးယားနိုင်ငံအား ဖယ်ထုတ်လိုက်ခြင်း

Last Updated:

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန (The US Treasury Department) သည် ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအနက် နိုင်ငံအချို့အား ၎င်းတို့၏နိုင်ငံခြားငွေလဲနှုန်းကို တရားမျှတမှုမရှိစွာ ကိုင်တွယ်ခြယ်လှယ်နေခြင်း (Currency Manipulation) ရှိ/ မရှိ အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။  အဆိုပါ စောင့်ကြည့်ခံနိုင်ငံများစာရင်းတွင် တောင်ကိုရီးယားနိုင်ငံကို ၂၀၁၆ ခုနှစ်ကတည်းက ထည့်သွင်းခဲ့သော်လည်း ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ယင်းစာရင်းမှ ဖယ်ရှားခံရပြီဖြစ်ပါကြောင်းကို အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာန၏ ၈-၁၁-၂၀၂၃ ရက်နေ့က ထုတ်ပြန်ချက်အရသိရှိရပါသည်။   

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမေရိကန်ကွန်ဂရက်သို့ တစ်နှစ်လျှင် နှစ်ကြိမ်တင်ပြရသောအစီရင်ခံစာတွင် နိုင်ငံ ၆ နိုင်ငံကို စောင့်ကြည့်ခံစာရင်းတွင် ထည့်သွင်းထားပါသည်။ ယင်းနိုင်ငံများမှာ တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် တရုတ် (တိုင်ပေ) တို့ဖြစ်ကြပြီး တောင်ကိုရီးယားနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ကို စောင့်ကြည့်စာရင်းမှ ဖယ်ထုတ်လိုက်ပြီဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည် စောင့်ကြည့်ခံစာရင်းတွင် ယခုနှစ်၌ အသစ်ထည့်သွင်းခံရသောနိုင်ငံ ဖြစ်လာပါ သည်။

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယင်း၏ အဓိကကုန်သွယ်ဖက်နိုင်ငံ ၂၀ ၏ မေခရိုစီးပွားရေးနှင့် ငွေလဲနှုန်းမူဝါဒများကို အချက်သုံးချက်အပေါ်အခြေခံ၍ တစ်နှစ်လျှင်နှစ်ကြိမ် လေ့လာသုံးသပ်လျက်ရှိပါသည်။ စောင့်ကြည့်ခံစာရင်းရှိနိုင်ငံများသည် ၎င်းတို့သတ်မှတ်ထားသည့် အချက် ၃ ချက်အနက် အချက်တစ်ချက်တည်းနှင့်သာ အစီရင်ခံ စာနှစ်စောင်တွင် နှစ်ကြိမ် ဆက်တိုက်ကိုက်ညီရန် (သို့မဟုတ်) အချက် ၃ ချက်လုံးနှင့် လုံးဝကိုက်ညီမှု မရှိရန်လိုပါသည်။ သို့မှသာလျှင် စောင့်ကြည့်ခံစာရင်းမှ ဖယ်ရှားခံရမည်ဖြစ်ပါသည်။

အဆိုပါအချက် ၃ ချက်မှာ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုပြုရာတွင် ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ခြင်း၊ စာရင်းရှင်အပ်ငွေစာရင်း (Current Account) ပိုငွေပြမှု (ပို့ကုန်ဝင်ငွေက သွင်းကုန်အတွက်ကုန်ကျမှုထက်ပိုမိုခြင်း) သည် စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၃ ရာခိုင်နှုန်းထက် ကျော်လွန်ခြင်း၊ နိုင်ငံခြားငွေကြေးတွင် ဝင်ရောက်စွက်ဖက်မှု အတိုင်းအတာအရ လေ့လာလျှင်လည်း အနည်းဆုံးအနေဖြင့် အမေရိကန်ဒေါ်လာကို GDP ၏ ၂ ရာခိုင်နှုန်း အသားတင်ဝယ်ယူခြင်း စသည်တို့ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံကို စောင့်ကြည့်ခံစာရင်းမှ ဖယ်ထုတ်လိုက်ခြင်းမှာ တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်မှုပိုငွေပြခဲ့သည်ကိုသာ အစီရင်ခံစာနှစ်စောင်တွင် နှစ်ကြိမ်ဆက်တိုက် ဖော်ပြခံခဲ့ရခြင်းကြောင့်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ တစ်နှစ်လုံးတွင် တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ ကုန်သွယ်မှုပိုငွေပြခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ ကုန်သွယ်မှု ပိုငွေပြခဲ့သည့်အတွက် သတ်မှတ်နှုန်းထားဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံထက် ကျော်လွန်ခဲ့ပါသည်။ ဖော်ပြပါကာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်မှုပိုငွေပြခဲ့သော်လည်း တစ်ကမ္ဘာလုံးနှင့် ကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ပါသည်။ သို့ဖြစ်၍ Current Account တွင် ပိုငွေပြမှုသည် GDP ၏ ၀.၅ ရာခိုင်နှုန်းသာရှိသဖြင့် သတ်မှတ်ချက်ဖြစ်သည့် GDP ၏ ၃ ရာခိုင်နှုန်းထက် ကျော်လွန်ရန် အလွန်ဝေးကွာနေသေးလျက်ရှိပါသည်။ နိုင်ငံခြားငွေကြေးတွင် ဝင်ရောက်စွက်ဖက်မှု အတိုင်းအတာလေ့လာခြင်းမှာ အမေရိကန်ဒေါ်လာကို အသားတင်ဝယ်ယူမှုအား ကန့်သတ်ရန်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်ကတည်းက တောင်ကိုရီးယားနိုင်ငံသည် ဝမ်ငွေတန်ဖိုးကိုကာကွယ်ရန် အမေရိကန်ဒေါ်လာကို ပြန်လည်ရောင်းချခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပထမ ၆ လတွင် အမေရိကန်ဒေါ်လာ  ၈ ဘီလီယံကို ဝမ်ငွေတန်ဖိုးခိုင်မာစေရန် ပြန်လည်ရောင်းချခဲ့ပါကြောင်း အမေရိကန်ဗဟိုဘဏ်က ထုတ်ပြန်ထားပါသည်။

တောင်ကိုရီးယားနိုင်ငံကို စောင့်ကြည့်ခံစာရင်းမှ ဖယ်ထုတ်လိုက်သည့်တိုင်အောင် အမေရိကန်ဒေါ်လာနှင့် ဝမ်ငွေလဲနှုန်းအပေါ်သက်ရောက်မှုမရှိဘဲ တည်ငြိမ်နေပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမ ၆ လအထိ စောင့်ကြည့်ခံစာရင်းမှ ဖယ်ထုတ်ခံထားရလိမ့်မည်ဟု မျှော်လင့်ပါကြောင်း တောင်ကိုရီးယား ပြည်တွင်း ငွေကြေးဆိုင်ရာလုပ်ငန်းကဏ္ဍမှ ပညာရှင်များက ခန့်မှန်းထားကြပါသည်။ အမေရိကန်ပြည်ထောင်စုမှ နိုင်ငံတစ်နိုင်ငံအား Currency Manipulation ပြုလုပ်သည်ဟု သတ်မှတ်ခံရပါက ယင်းနိုင်ငံအပေါ် ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ခံရမည်ဖြစ်ပါသည်။

 

 

 

Source: The Korea Times

https://www.koreaherald.com/view.php?ud=20231108000716#:~:text=Korea%20was%20excluded%20from%20the,above%20the%20%2415%20billion%20bar.

(ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea