China(Nanning)

(၆) ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့

Last Updated:

ကမ္ဘာ့အကြီးဆုံးသွင်းကုန်ပြပွဲဖြစ်သည့် (၆) ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (6th China International Import Expo-CIIE) ကို ရှန်ဟိုင်းမြို့၌ ၅-၁၁-၂၀၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကုန်စည်ပြပွဲ၌ တစ်ကမ္ဘာလုံးမှ လုပ်ငန်းပေါင်း (၃၄၀၀) ကျော် ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။

အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်ပေါင်း (၁၅၀၀) ခန့်တက်ရောက်သည့် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ဝန်ကြီးချုပ် Li Qiang က တရုတ်နိုင်ငံတွင် စားသုံးသူများ၏ ဝယ်လိုအားနှင့် ဈေးကွက်ထပ်မံဖွင့်လှစ်ခြင်းသည် ရပ်တန့်နေသော ကမ္ဘာ့စီးပွားရေးအတွက် လိုအပ်နေသော တွန်းအားပေးမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် မူဝါဒများကိုဖြေလျှော့၍ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများထံမှ ကုန်ပစ္စည်းများ ပိုမိုဝယ်ယူကာ နိုင်ငံတကာကုမ္ပဏီများကို အခွင့်အလမ်းများ ပေးဆောင်သွားမည်ဟု Li က ကတိပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ အလယ်အလတ်ဝင်ငွေရှိသော စားသုံးသူ သန်း (၄၀၀) သည် ကြီးမားသော ဝယ်နိုင်စွမ်းအားကို ကိုယ်စားပြုပြီး စျေးကွက်ချဲ့ထွင်ရန် အလားအလာကောင်းများစွာရှိနေကြောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်အတွက် အခြားသော စီးပွားရေးအင်အားကြီးနိုင်ငံများက တရုတ်နိုင်ငံနှင့်အတူတကွ ကြိုးပမ်းသင့်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ တင်သွင်းမှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ (၁၇) ထရီလီယံအထိ ရှိလာမည်ဟုမျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ပိုမိုကြီးမားသော စျေးကွက်အခွင့်အလမ်းများကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်များနှင့် ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှု ဆိပ်ကမ်းကဲ့သို့သော ပို၍အဆင့်မြင့်မားသည့် ဈေးကွက်ဖွင့်လှစ်မှုလမ်းကြောင်းများကို ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် စျေးကွက်ဝင်ရောက်မှုကို ချဲ့ထွင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တရားဝင်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးနှင့် ဒစ်ဂျစ်တယ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွင်ပါဝင်ရန် တရုတ်နိုင်ငံသည် အဆင်သင့်ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

CIIE မှ အသစ်ထုတ်ပြန်လိုက်သော ကမ္ဘာ့ပွင့်လင်းမြင်သာမှုညွှန်းကိန်းအရ တရုတ်နိုင်ငံ၏ ပွင့်လင်းမှုအညွှန်းကိန်းသည် ၂၀၀၈ ခုနှစ်တွင် (၀.၆၇၈၉) မှ ၂၀၂၂ ခုနှစ်တွင် (၀.၇၅၁၇) သို့ မြင့်တက်လာသောကြောင့် အရည်အသွေးမြင့် ဈေးကွက်ဖွင့်လှစ်မှုကို မြှင့်တင်ရာတွင် သိသာထင်ရှားသော တိုးတက်မှုရရှိခဲ့ကြောင်း၊ တစ်ချိန်တည်း၌ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံအဆင့်သတ်မှတ်ချက်သည် တစ်ကမ္ဘာလုံးတွင် အဆင့် (၄၇) ရှိခဲ့ရာမှ အဆင့် (၄၀) သို့ ခုန်တက်သွားကြောင်းလည်း သိရှိရပါသည်။

(၆) ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်း (၅၀၀) အနက်မှ စုစုပေါင်း (၂၈၉) ခု ပါဝင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရပါသည်။ ပြပွဲ၌ ပြခန်းပေါင်း (၃,၄၀၀) ကျော်နှင့် လာရောက်လေ့လာသူ ဧည့်သည် (၄၁၀,၀၀၀) ကျော် တက်ရောက်ရန် စာရင်းသွင်းထားပြီး ကပ်ရောဂါမဖြစ်ပွားမီအဆင့်သို့ အပြည့်အဝ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

(၆) ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများအား စီးပွားရေးအခွင့်အလမ်းများ ပံ့ပိုးပေးခြင်း၊ နိုင်ငံတကာကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေခြင်းနှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများထံမှ ချီးကျူးစကားများရရှိခဲ့ကြောင်းလည်း သိရှိရပါသည်။

အဆိုပါကုန်စည်ပြပွဲသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့် ကုန်သွယ်မှုဆက်ဆံရေး ဟန်ချက်ညီစေရန် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ၏ အထွေထွေအတွင်းရေးမှူး Rebeca Grynspan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကတိကဝတ်အတိုင်း ဈေးကွက်ဖွင့်လှစ်ခြင်းသည် ကုန်သွယ်မှု အတားအဆီးများကို ဖယ်ရှားခြင်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းသာမက ယဉ်ကျေးမှုဖလှယ်ရန် စိတ်ကူးစိတ်သန်းသစ်များကိုပါ ဖြစ်ပေါ်စေကြောင်း သိရှိရပါသည်။

 

 

Source: https://finance.stockstar.com/IG2023110600022291.shtml

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)