Korea

တောင်ကိုရီးယားနိုင်ငံတွင် နှစ် (၅၀) ကျော်ကာလအတွင်း အမဲသားဈေးနှုန်းများ အဆ (၁၀၀) မြင့်မားလာ

Last Updated:

တောင်ကိုရီးယားနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျှင်မြန်ခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာခြင်းတို့ကြောင့် ပြည်တွင်းနေ့စဉ်လိုအပ်သည့်ကုန်စည်များဈေးနှုန်းသည် နှစ် (၅၀) ကျော်ကာလအတွင်း အဆများစွာမြင့်မားလာခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ၏ ဈေးနှုန်းသုတေသနစင်တာ (Korea Price Research Center- KPRC) မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

KPRC ၏ ထုတ်ပြန်ချက်တွင် ၁၉၇၄ ခုနှစ်က ကိုရီးယားနိုင်ငံထွက်အမဲသား (၁) ကီလိုဂရမ်လျှင် ၁,၃၆၆ ဝမ်မှ ၂၀၂၃ ခုနှစ်တွင် ၁၄၅,၉၀၀ ဝမ် (အမေရိကန်ဒေါ်လာ ၁၀၈) အထိ အဆ ၁၀၀ မြင့်မားလာခဲ့ကြောင်း၊ ဝက်သားဈေးနှုန်းသည်လည်း (၁) ကီလိုဂရမ် လျှင် ၇၀၀ ဝမ်မှ ၃၁,၈၀၀ ဝမ် အထိ ၄၅ ဆ ဝန်းကျင် မြင့်မားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဆန်ဈေးနှုန်းသည်လည်း ၁၉၈၃ ခုနှစ်တွင် (၁) ကီလိုဂရမ်လျှင် ၈၁၃ ဝမ်မှ ၂၀၂၃ ခုနှစ်၊ အ စောပိုင်းတွင် ၄,၂၀၀ ဝမ်အထိ မြင့်မားလာခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်က ကြက်ဥ ၁၀ လုံး တန်ဖိုးသည် ၂၄၀ ဝမ်သာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၁၆ ဆမြင့်တက်လာကာ ၃,၉၈၀ ဝမ်သို့ရောက်ရှိခဲ့ ကြောင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်ဈေးနှုန်းသည်လည်း ၁၉၇၄ ခုနှစ်တွင် ၈၀ ဝမ်သာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် တွင် ၃,၉၈၀ ဝမ်အထိ အဆ ၅၀ မြင့်မားခဲ့ပါသည်။ ငါးထွက်ကုန်ပစ္စည်းများတွင်လည်း မက်ကရယ် ငါး (တစ်နိုင်ငံလုံးတွင် လူကြိုက်အများဆုံးနှင့်စားသုံးမှုအများဆုံးငါး) ဈေးနှုန်းသည်လည်း ၁၉၈၈ ခု နှစ်တွင် တစ်ကောင်လျှင် ၈၀၀ ဝမ်မှ ၂၀၂၃ ခုနှစ်၊ အစောပိုင်းတွင် ၄,၅၈၀ ဝမ်အထိ မြင့်မားလာခဲ့ ကြောင်း၊ အသင့်စားခေါက်ဆွဲတစ်ထုပ်ဈေးနှုန်းသည်လည်း ၁၉၇၈ ခုနှစ်တွင် ၁၂၀ ဂရမ်တစ်ထုပ် လျှင် ဝမ် ၁၀၀ သာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၈၂၀ ဝမ်အထိရောက်ရှိမြင့်မားလာခဲ့ကြောင်း KPRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

စားသောက်ကုန်ဈေးနှုန်းများသာမက ကိုရီးယားလူမျိုးများနှစ်သက်သည့် အရက် (ဆိုဂျူ) ဈေးနှုန်းသည်လည်း ၁၉၇၄ ခုနှစ်တွင် ၃၆၀ မီလီလီတာတစ်ပုလင်းလျှင် ၉၅ ဝမ်မှ ၂၀၂၃ ခုနှစ်တွင် ၁,၃၇၀ ဝမ်အထိ ၁၄ ဆ မြင့်မားလာပါသည်။ အလားတူကာလတွင် ၃၆၀ မီလီလီတာ ဘီယာတစ်ပုလင်းလျှင် ၂၃၅ ဝမ်မှ ၁,၅၈၀ ဝမ်အထိ ၆ ဆမြင့်မားလာခဲ့ပါသည်။

ပို့ကုန်ဦးဆောင်သည့်စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးကို ဗဟိုပြုသည့် မူဝါဒများကိုချမှတ်ထားခြင်းကြောင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှရသည့်ဝင်ငွေများ ပြည်တွင်းသို့စီးဝင်မှု မြင့်မားလာခြင်းသည် ငွေကြေးဖောင်းပွစေမှု၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း KPRC ကထုတ်ပြန်သည့်အစီရင် ခံစာတွင်ဖော်ပြထားပါသည်။ ထို့ပြင် ပြည်တွင်းစားသုံးသူဝယ်လိုအား အလွန်မြင့်မားလာခြင်းနှင့် ပြည်ပမှဝယ်ယူတင်သွင်းရသည့်ကုန်ကြမ်းများ ဈေးနှုန်းမြင့်မားလာခြင်းကလည်း ပြည်တွင်းကုန်စည်ဈေးနှုန်းများမြင့်မားစေခြင်းနှင့် ငွေကြေးဖောင်းပွစေခြင်းအကြောင်းရင်းဖြစ်ကြောင်း ပြည်တွင်း လုပ်ငန်းရှင်များကဆိုကြပါသည်။

 

 

 

Source: https://www.koreaherald.com/view.php?ud=20231016000637

( ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

 

 

 

Category: Korea