China (HongKong)

အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပိတ်ပင်ကန့်သတ်ခြင်းကို ဟောင်ကောင်ဒေသအစိုးရ ကန့်ကွက်

Last Updated:

အမေရိကန်နိုင်ငံမှ ချမှတ်ခဲ့သည့် ထိခိုက်လွယ်သည့် တရုတ်နည်းပညာ လုပ်ငန်းများအပေါ် ကန့်သတ်ပိတ်ပင်ခြင်းမှာ ပုံမှန်ကုန်သွယ်မှုကို ထိခိုက်စေနိုင်သောကြောင့် မလျော်ကန်သည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရမှ ပြောကြားခဲ့ကြောင်းနှင့် ထိုသို့ကန့်သတ်ပိတ်ပင်သည့် ပြဌာန်းချက်များသည် ဈေးကွက်စီးပွားရေး၏ မူဝါဒများကို ပြင်းပြင်းထန်ထန် ချိုးဖောက်သောကြောင့် ပြန်လည်ရုပ်သိမ်းရန် အမေရိကန်နိုင်ငံအား တိုက်တွန်းထားကြောင်း South China Morning Post သတင်းဌာနမှ 2023 ခုနှစ် ဩဂုတ်လ 10 ရက်နေ့တွင် “Hong Kong government calls US investment ban on Chinese tech ‘unreasonable’, but experts divided over effect on city’s start-ups” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထားပါသည်။

အမေရိကန်၏ ကန့်သတ်ပိတ်ပင်မှုသည် တရုတ်နိုင်ငံတစ်နိုင်ငံလုံးကို ပိတ်ပင်ခြင်းဖြစ်ပါက ဟောင်ကောင်ဒေသမှ နည်းပညာကုမ္ပဏီများအနေဖြင့် အခြားသော ရင်းနှီးငွေကြေး အရင်းအမြစ်များကိုရှာဖွေခြင်း သို့မဟုတ် ကုမ္ပဏီမှတ်ပုံတင်ခြင်းကို ဟောင်ကောင်ဒေသ ပြင်ပသို့ ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်လာမည်ကို စိုးရိမ်ပူကြောင်း ဥပဒေပြုအမတ်များက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော် ဟောင်ကောင်ဒေသရှိ နည်းပညာဆိုင်ရာ လုပ်ငန်းများမှာ Fintech နှင့်  e-commerce ကို အဓိကထား လုပ်ဆောင်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမည့် နည်းပညာများမရှိသောကြောင့် ယခုကဲ့သို့ ပိတ်ပင်ကန့်သတ်မှုအပေါ် စိုးရိမ်စရာမရှိဟု နည်းပညာကဏ္ဍမှ ကိုယ်စာလှယ်တစ်ဦးနှင့် ပညာရှင်တစ်ဦးက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်မှ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ပိတ်ပင်သည့် နည်းပညာကဏ္ဍများမှာ semicon-ductors နှင့် microelectronics, quantum သတင်းအချက်အလက်နည်းပညာများနှင့် အချို့သော ဉာဏ်ရည်တုစနစ်များသာဖြစ်ပြီး၊ ကန့်သတ်မှုသည် အဆိုပါနယ်ပယ်သုံးခုအပေါ်တွင် ကန့်သတ်ခြင်းဖြစ်ပြီး အမိန့်တွင် အသေးစိတ်ဖော်ပြမထားကြောင်း၊ ထို့ပြင် တားမြစ်ပိတ်ပင်မှု စတင်အကျိုး သက်ရောက်မည့်ရက်ကိုလည်း ဖော်ပြမထားကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်သမ္မတဂျိုဘိုင်ဒင်၏ အမိန့်ဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးအား တရုတ်ပြည်မ၊ ဟောင်ကောင်နှင့် မကာအိုဒေသရှိ နည်းပညာကဏ္ဍ သုံးခုတွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိတ်ပင်စေသည့် အမိန့်ထွက်ပေါ်လာပြီး အချိန်အနည်းငယ်အတွင်း သက်ဆိုင်ရာလုပ်ငန်းအနေဖြင့် ပိတ်ပင်မှုကြောင့် တည်ထောင်စလုပ်ငန်းများ အပါအဝင် နည်းပညာကဏ္ဍ၌ ဖြစ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို စတင်သုံးသပ်လေ့လာနေပြီဖြစ်ပါသည်။ အဆိုပါ ထုတ်ပြန်ချက်ကို ဟောင်ကောင်ဒေသအစိုးရမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၄.၁ ဘီလီယံဖြင့် အမေရိကန်သည် ဟောင်ကောင်ဒေသ၏ တတိယအကြီးဆုံးကုန်သွယ်ဖက် နိုင်ငံအဖြစ်ရပ်တည်နေခဲ့ပြီး ဟောင်ကောင်ဒေသသည် အမေရိကန်၏ အဆင့် ၂၉ ရှိ ကုန်သွယ်ဖက်လည်း ဖြစ်ခဲ့ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းစာရင်းဇယားများအရ ဟောင်ကောင်ဒေသသည် အမေရိကန်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်သည့် နိုင်ငံများအနက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇.၈ ဘီလီယံဖြင့် အဆင့် ၉ တွင် ရပ်တည်နေခဲ့ပါသည်။

ဟောင်ကောင်ဒေသမှ အချို့လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းမှတ်ပုံတင်သည့်နေရာကို Cayman ကျွန်းများကဲ့သို့ အခြားနိုင်ငံသို့ ပြောင်းရွှေ့သွားရန် စဉ်းစားလာဖွယ်ရှိသည်ဟု အမည်မဖော်လိုသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောကြားခဲ့ကြောင်းနှင့် ပိတ်ပင်ကန့်သတ်မှုတွင် ဟောင်ကောင်ဒေသ ပါဝင်ခြင်းကြောင့် ဒေသရှိ တည်ထောင်စ လုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကန့်သတ်ခံထားရသည့် ကဏ္ဍတွင် လုပ်ကိုင်နေခြင်း မဟုတ်သော်လည်း ၎င်းတို့၏ ရင်းနှီးငွေကြေးရရှိရေး ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြန်စဉ်းစားရန် လိုအပ်လာမည်ဖြစ်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားကြောင်း ရေးသားဖော်ပြထားပါသည်။

ယခင်နှစ်တွင် InvestHKမှ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ဟောင်ကောင်ဒေသရှိ စတင်တည်ထောင်စ လုပ်ငန်း ၄၀၀၀ အနက် အများစုမှာ fintech လုပ်ငန်းများဖြစ်ပြီး၊ ထို့နောက် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ နည်းပညာလုပ်ငန်းများ ပါဝင်ကြောင်း ရေးသားဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဟောင်ကောင်ဒေသ၏ အဓိက ကုန်သွယ်ဖက်ဖြစ်သော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် နှစ်ဖက်အငြင်းပွားမှု ပြဿနာကြောင့်လည်ကောင်း တရုတ်နိုင်ငံမှ နည်းပညာလုပ်ငန်းများ ဟောင်ကောင်နှင့် မကာအိုမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုရယူခြင်းကို ကြိုတင်တန်ပြန်သည့်အနေဖြင့်  အမေရိကန်မှ ပိတ်ဆို့အရေးယူမှုကို ဟောင်ကောင်နှင့် မကာအိုဒေသများပါ ချမှတ်ခြင်း ဖြစ်နိုင်ပါသည်။ အဆိုပါ ကန့်သတ်ပိတ်ဆိုမှုကြောင့် ဟောင်ကောင်ဒေသတွင် လတ်တလောဖြစ်ပေါ် တိုးတက်မှုများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)