Thailand

နေထိုင်မှုကုန်ကျစရိတ်နှင့် ဈေးနှုန်းများအပေါ် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးအသစ်ဖြစ်သူ Mr. Phumtham Wecha-yachai က ကတိပြု ပြောကြား

Last Updated:

နေထိုင်မှုကုန်ကျစရိတ်နှင့် ထုတ်ကုန်ဈေးနှုန်းများကို ထုတ်ကုန်ဈေးနှုန်းများနှင့် ကိုက်ညီမှုရှိစေရေးသည် ၎င်း၏ ဦးစားပေးများထဲကတစ်ခုဖြစ်ကြောင်း၊ ပို့ကုန်ဈေးကွက်အသစ်များ ရှာဖွေရေးကိုလည်း အရှိန်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုင်းကုန်သည်များအတွက် အခွင့်အလမ်းများ ပေါ်ပေါက်စေရေး ကုန်သွယ်ရေးဆိုင်ရာညှိနှိုင်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးအသစ်ဖြစ်သူ Mr. Phumtham Wecha-yachai က ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် Srettha Thavisin ၏ အရေးကြီး မူဝါဒများကို လိုက်နာသောအားဖြင့် ပြည်သူ လူထုကို သက်ရောက်နိုင်သည့် ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နေထိုင်မှုကုန်ကျစရိတ်နှင့် ဈေးနှုန်းများဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထုတ်ကုန်ဈေးနှုန်းများ သည် နေထိုင်မှုကုန်ကျစရိတ်နှင့် ကိုက်ညီရန်ဖြစ်ကြောင်း၊ ပြည်သူလူထုသာမက လုပ်ငန်းရှင်များလည်းပါဝင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံ၏ ပို့ကုန် ယခုနှစ်အတွင်း ကျုံ့နေပါကြောင်း၊ ယင်းကြောင့် ပို့ကုန်ဈေးကွက်အသစ်များ ရှာဖွေခြင်းသည် အရေးကြီး ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ပို့ကုန်အခွင့်အလမ်းများ တိုးမြင့်စေရေးအတွက် အလားအလာကောင်းသောနိုင်ငံများရှိ စီးပွားရေးသံမှူးများအနေဖြင့် ကုန်သွယ်မှုအတွက် ညှိနှိုင်းချိတ်ဆက်မှုများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနက ဇူလိုင်လအထိ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများအရ ပို့ကုန်သည် ၁၀ လ ဆက်တိုက် ကျဆင်းနေပါကြောင်း၊ ငွေကြေးမူဝါဒများ ပိုမိုတင်းကြပ်လာမှုနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ငွေချေးမှု ပုံစံတင်းကြပ်လာမှုတို့ကြောင့် အခြေအနေပိုမိုဆိုးရွားလာခဲ့ပြီး စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုလည်း ကျဆင်းခဲ့ပါသည်။

ပထမ (၇) လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၃ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၇၂ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၈.၂၈ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ မူဝါဒမများစွာရှိပြီးဖြစ်သဖြင့် သီးခြားမပြောကြားလိုကြောင်း၊ ကုန်သွယ်ရေးနှင့်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများတွင် အခက်အခဲများစွာရှိနေကြောင်း၊ ဌာနတွင်း အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဘတ် ၁၀,၀၀၀ ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) နည်းလမ်းသည် အစိုးရက အကောင်အထည်ဖော်ရန် လျာထားကြောင်း၊ ယင်းနည်းလမ်းသည် နိုင်ငံ၏စီးပွားရေးကို လှုံ့ဆောင်ရုံသာမက ဒီဂျစ်တယ်စီးပွားရေးကို ဖော်ဆောင်ရာတွင်လည်း အထောက်အကူဖြစ်စေပါကြောင်း၊ ပြည်သူများကို အီလက်ထရောနစ်စနစ်များ အသုံးပြုစေမည် ဖြစ်ကြောင်း Mr. Phumtham က ပြောကြားခဲ့ပါသည်။

         

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand