Thailand

ထိုင်းနိုင်ငံ၊ Joint Standing Committee on Commerce၊ Industry and Banking (JSCCIB) က ကုန်သွယ်မှုဆိုင်ရာ ပြဿနာများကို ထောက်ပြ

Last Updated:

တရုတ်ကုန်ပစ္စည်းများ ဝင်ရောက်လာခြင်းအပါအဝင် ကုန်သွယ်ရေးပြဿနာများကို စောင့်ကြည့်လျက်ရှိကြောင်း၊ အစိုးရသစ်အတွက် စီးပွားရေးအဆိုပြုလွှာအသစ်ကို မူကြမ်းရေးဆွဲနိုင်ရေးအတွက် ရည်ရွယ်ပါကြောင်း၊ ကော်မတီအနေဖြင့် အစိုးရသစ်နှင့်တွေ့ဆုံ၍ စီးပွားရေးဆိုင်ရာ ပြဿနာများနှင့် အစိုးရက စီးပွားရေးကဏ္ဍကို မည်ကဲ့သို့ အထောက်အပံ့ပေးမည်ဆိုသည့်အချက်များကို  ဆွေးနွေးသွားလိုကြောင်း ထိုင်းစက်မှုလက်မှုအသင်းချုပ်ဥက္ကဋ္ဌ၊ Joint Standing Committee on Commerce၊ Industry and Banking (JSCCIB)၏ အဖွဲ့ဝင်ဖြစ်သူ Mr. Kriengkrai Thiennukul က ပြောကြားခဲ့ပါသည်။

ထိုင်းစက်မှုလက်မှုအသင်းချုပ်အနေဖြင့် တရုတ်ကုန်စည်များ ပိုမိုတင်သွင်းလာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း၊ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

JSCCIB က စီးပွားရေးအခြေအနေများ ပြောင်းလဲလာသဖြင့် ၎င်း၏ တိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုနှုန်း ခန့်မှန်းချက်ကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာပါက ထိုင်းနိုင်ငံ၏ GDP ကို ၃-၃.၅ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ခန့်မှန်းထားပါကြောင်း၊ စတုတ္ထလပတ်အတွင်း စွမ်းအင်ဈေးနှုန်း ကျဆင်းလာပြီး ဈေးနှုန်းများလည်း ကျဆင်းလာနိုင်သောကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂.၂-၂.၇ ရာခိုင်နှုန်းဖြစ်နိုင်ကြောင်း ၎င်းကဆိုပါသည်။

အစိုးရသစ်အနေဖြင့် ကာလတိုနှင့် ကာလရှည်တွင် စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးသည့် စွမ်းအင်ကုန်ကျစရိတ်အပေါ် စီမံခန့်ခွဲမည့် အစီအစဉ်သစ်များကို ရေးဆွဲစေလိုပါကြောင်း၊ လျှပ်စစ်ဓာတ်အားခမြင့်တက်နေသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို အားနည်းစေပါကြောင်း Mr. Kriengkrai အကြံပြုသုံးသပ်ထားပါသည်။

 

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand