ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၂၈ ရာခိုင်နှုန်းတိုးမြင့်လာပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် စံချိန်တင်ရရှိခဲ့ကြောင်း ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP) ၏အဆိုအရ သိရှိရပါသည်။ ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈.၂၇ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် ၁၁.၄ ရာခိုင်နှုန်းတိုးတက်လာကြောင်း ဖော်ပြထားပါသည်။
အဓိကစျေးကွက်များမှ ဝယ်လိုအားကောင်းခြင်းကြောင့် ဝင်ငွေသိသိသာသာ တိုးလာခြင်းဖြစ်ပြီး တရုတ်နှင့် ဟောင်ကောင်သို့ တင်ပို့မှုမှ ၃၇ ရာခိုင်နှုန်းတိုးလာကာ အမေရိကန်သို့တင်ပို့မှုမှ ၃၁ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂသို့တင်ပို့မှုမှ ၂၇ ရာခိုင်နှုန်းနှင့် ဂျပန်သို့တင်ပို့မှုမှ ၂၂ ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း သိရှိရပါသည်။
ပုစွန်တင်ပို့မှုမှ ဝင်ငွေသည်အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံကျော်ရှိပြီး ၁၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ငါးတန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံရရှိပြီး ကဏန်းနှင့် အခြားအခွံမာရေသတ္တဝါများစသည့် တန်ဖိုးမြင့် ပင်လယ်စာထုတ်ကုန်များမှ အမေရိကန်ဒေါ်လာ ၂၆၇ သန်းရရှိခဲ့ကြောင်းနှင့် ယခင်နှစ်အလားတူကာလထက် ၁၃၈ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် အစိုးရ၏အမိန့် ၃၇ အရ တင်းကြပ်သောစည်းမျဉ်းသစ်များကြောင့် တူနာကဲ့သို့သော မျိုးစိတ်များတင်ပို့ရန်အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အချိန်ပိုလိုအပ်သောကြောင့် ဆိပ်ကမ်းများတွင် တင်ပို့မှုကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ဗီယက်နမ်ရှိ ပင်လယ်စာလုပ်ငန်းအနေဖြင့် ငါးဖမ်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယခုလအတွင်း ဥရောပသမဂ္ဂ (EU) ၏ စစ်ဆေးမှုကို စောင့်ဆိုင်းလျက်ရှိပြီး ရလဒ်သည် နိုင်ငံတကာစံနှုန်းများကိုလိုက်နာကြောင်း အတည်ပြုနိုင်ပါက EU ဈေးကွက်အခွင့်အလမ်း တိုးမြှင့်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
Source: Vietnam News
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)