USA

အမေရိကန်နိုင်ငံ၏ သိုလှောင်ထိန်းသိမ်းထားသော လက်ကားကုန်စည်ပမာဏ အောက်တိုဘာလတွင် ထပ်မံကျဆင်းခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ သိုလှောင်ထိန်းသိမ်းထားသော လက်ကားကုန်စည်ပမာဏသည် အောက်တိုဘာ လတွင် ထပ်မံကျဆင်းခဲ့ကြောင်း Wall Street Journal သတင်းစာ၏ အွန်လိုင်းဝက်ဘ်ဆိုက်၌ ၇-၁၂-၂၀၂၃ ရက်နေ့တွင် “U.S. Wholesale Inventories Fell Again in October” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ လက်ကားဒိုင်များ၌ သိုလှောင်ထိန်းသိမ်းထားသည့် ကုန်စည်ပမာဏသည် ၂၀၂၃ ခုနှစ်နှစ်စပိုင်းမှစ၍ ကျဆင်းလာခဲ့ရာစက်တင်ဘာလတွင် ကျဆင်းမှုတည်ငြိမ်ခဲ့ပြီးနောက် အောက်တိုဘာလတွင် ထပ်မံကျဆင်းလာခဲ့ကြောင်း၊ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ကားကုန်စည် ရောင်းဝယ်သူများ၏ လက်ကားကုန်စည် ပမာဏသည် အောက်တိုဘာလကုန်တွင် (၀.၂) ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းခဲ့သော်လည်း အမှန်အားဖြင့် (၀.၄) ရာခိုင်နှုန်းအောက်အထိ လျော့ကျခဲ့ကြောင်း၊ စက်တင်ဘာလတွင် သိုလှောင်ထိန်းသိမ်းထားသော ကုန်စည်ပမာဏသည် ဩဂုတ်လစာရင်းနှင့် တူညီသည်ကို တွေ့ရှိရသော်လည်း အမှန်ပြန်ဆင်ပြီးနောက်တွင် စက်တင်ဘာလ၏ ကုန်စည်ပမာဏမှာ အနည်းငယ် မြင့်တက်လာခဲ့ကြောင်း၊ ပုပ်သိုးလွယ်ပြီး တာရှည်မခံသည့် ကုန်စည်ပမာဏသည် အောက်တိုဘာလတွင် ကျဆင်းခဲ့ပြီး ကုန်စည်ဒိုင်လက်ဝယ်ရှိ ဓာတ်ဆီစာရင်းမှာလည်း မြန်မြန်ဆန်ဆန် ကျဆင်းသွားခဲ့ပါကြောင်း၊ သိုလှောင်ထားသော တာရှည်ခံ ကုန်စည်အမျိုးအစား ပမာဏသည်  အောက်တိုဘာလတွင် အနည်းငယ်တိုးလာခဲ့ပြီး အထူးသဖြင့် စက်ပစ္စည်းကုန်စည်ပမာဏ တိုးလာခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလရှိ လက်ကားဒိုင်များ၏ ကုန်စည်ပမာဏကို ကာလတူနှင့် နှိုင်းယှဉ်ပါက (၂.၃) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ လက်ရှိစာရင်းအရ ရောင်းချနိုင်သည့် ကုန်စည်ပမာဏမှာလည်း ကာလတူနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။

လက်ကားဒိုင်ကုန်စည်စာရင်းသည် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ကို တိုင်းတာရာတွင် အရေးပါပြီး ကုန်စည်ဒိုင်များရှိ ထိန်းသိမ်းထားသော ကုန်စည်အမယ်အရေအတွက် စာရင်းလျော့နည်းလာပါက ကုန်ပစ္စည်းများပြတ်လပ်ကာ စားသုံးသူများ၏ ယုံကြည်မှုလည်း လျော့နည်းလာနိုင်ပါကြောင်း တင်ပြအပ်ပါသည်။  

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA