Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (၃) ခု လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထား

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံနှင့် ဥရောပလွတ်လပ်သောကုန်သွယ်ရေး အသင်း (European Free Trade Association-EFTA) တို့အကြား လက်မှတ်ရေးထိုးမည့် စာချုပ်အသစ် ၂ ခု၊ ရှိပြီးဖြစ်သော အာဆီယံ-ဩစတြေးလျ-နယူးဇီလန် FTA ကို အဆင့်မြှင့်တင်ခြင်း အပါအဝင် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ၃ ခု လက်မှတ်ရေးထိုးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများဖန်တီးပေးရန်နှင့် ယှဉ်ပြိုင်နိုင်မှုကို တိုးမြှင့်ပေးလိုခြင်းကြောင့်  အစိုးရ၏ မူဝါဒနှင့်အညီ စာချုပ်ဆိုင်ရာ ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ သီရိလင်္ကာနှင့် FTA ကို ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက် နေ့နှင့် ၄ ရက်နေ့များတွင် သီရိလင်္ကာနိုင်ငံသို့ သွားရောက်မည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်၌ လက်မှတ်ရေးထိုးရန် မျှော်မှန်းထားပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်စည်အားလုံးအပေါ် သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်း လျှော့ချခြင်းနှင့် ညှိနှိုင်းစာရင်းတွင်ပါဝင်သည့် ထိုင်းနိုင်ငံကုန်စည် အမျိုးအစား ၁၀,၀၀၀ နှင့် သီရိလင်္ကာကုန်စည် အမျိုးအစား ၈,၀၀၀ အပေါ် သွင်းကုန်ခွန် သုညရာခိုင်နှုန်းသတ်မှတ်ကြောင်းကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul က ပြောကြားခဲ့သည်။

 အခွန်လျှော့ချပေးခြင်းကြောင့် ထိုင်းထုတ်ကုန်များဖြစ်သော မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ စာရွက်များ၊ ရာဘာလက်အိတ်များ၊ ပြုပြင်ပြီးအစားအစာ၊ တိရစ္ဆာန်အစာ၊ ချည်မျှင်များ၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ သတ္တုများနှင့် ပလတ်စတစ်ပစ္စည်း စသည်တို့တွင်လည်းကောင်း၊ ဘဏ္ဍာရေး၊ အာမခံ၊ ကွန်ပျူတာ၊ ဆောက်လုပ်ရေး၊ ခရီးသွား၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစသည့်  ဝန်ဆောင်မှုကဏ္ဍတွင်လည်းကောင်း၊ အစားအစာပြုလုပ်ခြင်း၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်း၊ ချည်မျှင်၊ ဘတ္တရီနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၏ ရင်းနှီးမြှုပ်နှံမှု တွင်လည်းကောင်း အကျိုးကျေးဇူးရရှိနိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့ သည်။

ထိုင်းနိုင်ငံနှင့် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်း (EFTA) တို့အကြား FTA ကို ဧပြီလ တွင် အပြီးသတ်ဆွေးနွေးသွားမည် ဖြစ်ပြီး ဇွန်လတွင် လက်မှတ်ရေးထိုးနိုင်ရန် ခန့်မှန်းထားကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလွှမ်းခြုံနိုင်ရန် ရည်ရွယ်၍ရှိပြီးဖြစ်သော အာဆီယံ-ဩစတြေးလျ-နယူးဇီလန် FTA ကို အဆင့်မြှင့်တင်၍ ယခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ရေး မျှော်မှန်းထားကြောင်း၊ ဥရောပသို့ ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍ၏ လိုလားချက်ဖြစ်သော ထိုင်း-ဥရောပသမဂ္ဂ FTA ကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ညှိနှိုင်းမှုကို အရှိန်မြှင့်တင်ရန်မှာ အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ထိုင်း-ကိုရီးယား FTA နှင့် ထိုင်း-ဘူတန် FTA များ ညှိနှိုင်းမှုကိုလည်း ယခုနှစ် ဒုတိယသုံးလပတ်တွင် စတင်ရန် မျှော်မှန်းထားကြောင်း ညွှန်ကြားရေးမှူးချုပ် Ms. Chotima ၏ ပြောကြားချက်အရ သိရှိရပါသည်။ 

 

  

Source: www.bangkokpost.gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand