China(Nanning)

လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များသည် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုနှင့် မိတ်ဖက်များ၏ စီးပွားရေးကို လှုံ့ဆော်ပေးလျက်ရှိ

Last Updated:

တရုတ်နိုင်ငံသည် နိုင်ငံအများအပြားနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement-FTA) များ ပိုမိုဆောင်ရွက်လာခြင်းသည် တစ်ကမ္ဘာလုံး၌ ၎င်းတို့ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် တရုတ်ကုမ္ပဏီများအနေဖြင့် ပြည်ပဈေးကွက်များသို့ ဝင်ရောက်ရာတွင် လွယ်ကူစေလိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ (၂၁) ခုမြောက် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ဖြစ်သည့် China-Nicaragua FTA  သည် ၁-၁-၂၀၂၄ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီး နိုင်ငံစုံနှင့် နှစ်နိုင်ငံ FTA များသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ရန် အစွမ်းထက်သည့် ကိရိယာများဖြစ်ကြောင်း၊ FTAs များသည် ဈေးကွက်သစ်များဖွင့်ရန်၊ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့စေရန်၊ စီးပွားရေးကွဲပြားမှုကို အားကောင်းလာစေရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေး စံနှုန်းအသစ်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးနိုင်သည်ဟု ၎င်းတို့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥပမာအားဖြင့် China-Nicaragua FTA သည် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို Negative List မှတစ်ဆင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အဆိုပါစာရင်းသည် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအား ကန့်သတ်ထားသည့် လုပ်ငန်းကဏ္ဍများကို သတ်မှတ်ထားခြင်းဖြစ်ပြီး တရုတ်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ပြည်ပမှ စီးပွားရေးလုပ်ငန်းများသည် အဆိုပါ Negative List တွင် မပါဝင်သော မည်သည့်ကဏ္ဍတွင်မဆို လုပ်ကိုင်နိုင်ကြောင်း သိရှိရပါသည်။

တရုတ်နှင့် စင်ကာပူတို့သည် မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ FTA ကို အဆင့်မြှင့်တင်မှုတွင် သိသိသာသာ တိုးတက်မှုရရှိခဲ့သောကြောင့် အဆင့်မြှင့်ထားသော China-Singapore FTA သည် တရုတ်နှင့် အခြားနိုင်ငံများကြား Negative List approach ကို အပြည့်အဝ ကျင့်သုံးမည့် ဒုတိယမြောက်သဘောတူညီချက် ဖြစ်လာနိုင်သည်ဟု ပေကျင်းမြို့ရှိ နိုင်ငံတကာ စီးပွားရေးတက္ကသိုလ်မှ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ပါမောက္ခ Cui Fan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခု FTA အရ တရုတ်နှင့် နီဂါရာဂွာနိုင်ငံတို့အကြား ကုန်သွယ်မှုတွင် ကုန်ပစ္စည်း (၆၀) ရာခိုင်နှုန်းခန့်သည် အကောက်ခွန်ကင်းလွတ်ခွင့်ရပြီး (၉၅) ရာခိုင်နှုန်းကျော်အပေါ် စည်းကြပ်ခွန်များကို သုညရာခိုင်နှုန်းသို့ တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

China-Nicaragua FTA အရ နီဂါရာဂွာနိုင်ငံသည် တာယာတင်သွင်းမှုအတွက် အကောက်ခွန်နှုန်းထားကို (၁၀) % မှ (၉) % သို့ လျှော့ချခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် နီဂါရာဂွာနိုင်ငံ သို့ ယွမ် (၄) သန်း (အမေရိကန်ဒေါ်လာ ၅၆၀,၆၃၂) တန်ဖိုးရှိသော ရောင်းအားကို အခြေခံ၍ ယခုနှစ်တွင် အခွန်ငွေ ယွမ် (၄၀,၀၀၀) ခန့် သက်သာနိုင်မည်ဟု ရှန်တုန်းပြည်နယ်အခြေစိုက် တာယာထုတ်လုပ် သူ Linyi၊ Shandong Cachland Tyres Co Ltd ၏ ဒါရိုက်တာ Guo Fangkun က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နှင့် နီဂါရာဂွာတို့အကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်၊ ပထမ (၁၁) လတွင် ယွမ် (၈၈.၆၂) ဘီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၁) % မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

China-Nicaragua FTA သည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကဲ့သို့သော ကြီးမားသည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိသော်လည်း နိုင်ငံငယ်များနှင့် ချုပ်ဆိုသည့် FTA များ၏ အရေးပါမှုကို လျှော့တွက်၍ မရနိုင်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကောက်ခွန်ဌာန ဒါရိုက်တာ Wu Hongmei က ပြောကြားခဲ့ကြောင်း၊ ယခုနှစ်အတွင်း တရုတ်နိုင်ငံသည် ဆားဘီးယားနှင့် အီကွေဒေါတို့နှင့် နှစ်နိုင်ငံ FTAs များအတွက် ၎င်းတို့၏ ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို အပြီးသတ် လုပ်ဆောင်ပြီးပါက အဆိုပါနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ တိုးလာမည်ဟု သူမက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် တရုတ်နိုင်ငံသည် ဆားဘီးယားနှင့် အီကွေဒေါနိုင်ငံတို့နှင့် FTA များကို ၂၀၂၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ FTA များ အသက်ဝင်လာသည်နှင့် တရုတ်နှင့် အီကွေဒေါတို့အကြား ကုန်သွယ်မှုပြုလုပ်သည့် ကုန်ပစ္စည်းများ၏ (၆၀) % ကို ချက်ချင်း အကောက်ခွန်ကင်းလွတ်ခွင့်ခံစားရမည်ဖြစ်ပြီး ကုန်ပစ္စည်း (၉၀) % ကို တဖြည်းဖြည်းအခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

ဆားဘီးယားနိုင်ငံနှင့် FTA တွင်မူ ဆားဘီးယားနိုင်ငံမှ ကုန်ပစ္စည်း (၁၀,၅၀၀) နှင့် တရုတ် ထုတ်ကုန် (၉,၀၀၀) ခန့်သည် လွတ်လပ်စွာကုန်သွယ်မှုပြုသည့်စာရင်းတွင် ပါ၀င်နေသောကြောင့် နှစ်နိုင်ငံကြား အဆိုပါကုန်ပစ္စည်းများကို ကုန်သွယ်မှုအတွက် သွင်းကုန်ခွန် ကင်းလွတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စံချိန်စံညွှန်းမြင့် ဈေးကွက်ဖွင့်လှစ်ခြင်းကို ချဲ့ထွင်ရန်နှင့် အရင်းအမြစ်များကို ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေရန်အတွက် တရုတ်နိုင်ငံသည် (၁-၁-၂၀၂၃) ရက်နေ့တွင် ကုန်ပစ္စည်း (၁၀၁၀) ကို Most-Favored-Nation rates ထက် လျော့နည်း သည့် ယာယီသွင်းကုန်ခွန်နှုန်းထားကို စတင်အကောင်အထည်ဖော်ခဲ့သည်ဟု နိုင်ငံတော်ကောင်စီ၏ အကောက် ခွန်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်ကုန်အထိ တရုတ်နိုင်ငံသည် အာရှ၊ ပစိဖိတ်၊ လက်တင်အမေရိက၊ အာဖရိကနှင့် ဥရောပတို့မှ နိုင်ငံနှင့် ဒေသ (၂၉) နိုင်ငံနှင့် FTA (၂၂) ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ၏ FTA မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၎င်း၏နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

FTAs များမှတစ်ဆင့် အပြန်အလှန်အကောက်ခွန်လျှော့ချခြင်းနှင့် တစ်ဖက်သတ်အကောက်ခွန်သက်သာခွင့်ပေးခြင်းတို့ကို ပေါင်းစပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ ဈေးကွက်ဖွင့်လှစ်မှုကို အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်ရန်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်မှန်းထားကြောင်း World Economics and Politics တက္ကသိုလ်မှ သုတေသီ Gao Lingyun က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://www.chinadaily.com.cn/a/202401/03/WS6594b4fca3105f21a507a403.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)