China (HongKong)

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၏ လက်လီရောင်းချမှု စာရင်းဇယား ဟောင်ကောင်ဒေသ အစိုးရ ထုတ်ပြန်

Last Updated:

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှု စုစုပေါင်း ခန့်မှန်းတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၃၄.၂ ဘီလီယံဖြင့် ယခင်နှစ် အလားတူကာထက် ၁၅.၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဟောင်ကောင်ဒေသအစိုးရမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာအထိ လက်လီရောင်းချမှုခန့်မှန်းတန်ဖိုး စုစုပေါင်းသည် ယခင်နှစ် အလားတူကာလထက် ၁၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

နိုဝင်ဘာအတွင်း လက်လီရောင်းချမှုတန်ဖိုး၏ ၉.၃ ရာခိုင်နှုန်းမှာ အွန်လိုင်းရောင်းချမှု ဖြစ်ပြီး၊ ခန့်မှန်းတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၃.၂ ဘီလီယံရှိပါသည်။ သို့သော် ထိုပမာဏမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၆.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အွန်လိုင်း လက်လီရောင်းချမှု ခန့်မှန်းတန်ဖိုး စုစုပေါင်းသည် ယခင်နှစ်အလားတူကာလထက် ၂.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လက်လီရောင်းချမှု ခန့်မှန်းချက်တွင် လျှပ်စစ်ပစ္စည်းနှင့် အခြားတာရှည်ခံ လူသုံးကုန်ပစ္စည်းများ ရောင်းချမှု ၀.၈ ရာခိုင် နှုန်း မြင့်တက်ခဲ့ပြီး၊ လက်ဝတ်ရတနာနှင့် နာရီများ၊ အဖိုးတန်လက်ဆောင် ပစ္စည်းများ၊ အခြားလူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ကုန်တိုက်များတွင် ရောင်းချသည့် ပစ္စည်းများ၊ အစားအစာ၊ အဖျော်ယမကာနှင့် ဆေးလိပ်၊ ဆေးဝါးနှင့် အလှကုန်များ စသည်တို့ဖြစ်ပါသည်။ အခြားတစ်ဖက်တွင် စူပါမားကတ်များတွင် ရောင်းချသည့် ကုန်စည်များရောင်းချမှု တန်ဖိုး ၅.၀ ရာခိုင်နှုန်းကျဆင်းခဲ့သကဲ့သို့ မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ လောင်စာဆီများ၊ ပရိဘောဂ အရောင်းလည်း အသီးသီး ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ခရီးသွားဝင်ရောက်မှု မြင့်တက်လာခြင်းနှင့်အတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ လက်လီရောင်းချမှု တန်ဖိုးမြင့်တက်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းဆက်လက် ဦးမော့နေရန် မျှော်လင့်ထားသောကြောင့် လက်လီရောင်းချမှုတန်ဖိုးလည်း ဆက်လက်မြင့်တက်နေရန် မျှော်လင့်ကြောင်း၊ ထို့ပြင် အိမ်ထောင်စုဝင်ငွေတိုးတက်လာခြင်းနှင့် အစိုးရ၏ လုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက် အမျိုးမျိုးတို့ကြောင့် လက်လီရောင်းချလုပ်ငန်းများအတွက် အထောက် အကူပြုမည်ဖြစ်သည်ဟု အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)