Thailand

ထိုင်းနိုင်ငံ၏ အစားအစားတင်ပို့မှု အလားအလာအပေါ် ထိုင်းနိုင်ငံ၊ National Food Institute ၏ သုံးသပ်ချက်

Last Updated:

ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ဈေးကွက်များတွင်မသေချာမှု၊ ငွေကြေးဖောင်းပွမှုဖိအား၊ ငွေကြေးလဲလှယ်နှုန်းမတည်ငြိမ်မှု၊ ထုတ်လုပ်မှုကုန်ကျစရိတ်များနှင့် မိုးခေါင်မှုစသည့် အခြေအနေများ ဖြစ်ပေါ်နေသော်လည်း ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးကို ဘတ် ၁.၅ ထရီလီယံ၊ ၂.၁ ရာခိုင်နှုန်း တိုးတက်မှုအတိုင်းရှိစေရန် ခန့်မှန်းထားကြောင်း၊ ယင်းသို့ ဖြစ်စေရန်အတွက် စီးပွားရေးကို ပြန်လည်ကောင်းမွန်စေမည့် အစိုးရ၏မူဝါဒများ၊ ကိုဗစ်နောက်ပိုင်းနိုင်ငံပွင့်လင်းလာမှု၊ ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် အစားအစာပြတ်လပ်မှု၊ အစားအစာဖူလုံမှုအပေါ် အလေးထားမှု၊ လုံခြုံစိတ်ချရပြီး အရည်အသွေးမြင့်မားသော ထိုင်းထုတ်ကုန်များ စသည်တို့သည် အထောက်အပံ့ပေးမည့် အချက်များဖြစ်ကြောင်း National Food Institute ၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Anong Paijitprapaporn က ပြောကြားခဲ့ပါသည်။

တရုတ်ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် တရုတ်တောင်ပိုင်း ဈေးကွက်များတွင် အေးခဲကြက်သား ကဲ့သို့သော ထုတ်ကုန်များအတွက် ဈေးကွက်အဆင်ပြေပြီး ကုန်သွယ်မှုပမာဏတိုးတက်လာခဲ့ပါကြောင်း၊ သို့သော် တင်ပို့မှုကိုနှောင့်နှေးစေသည့် အချက်များ ရှိပါကြောင်း၊ ယင်းတို့မှာ လောင်စာဆီ ဈေးနှုန်းမြင့်မားမှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်ခြင်း၊ စားသုံးသူဝယ်လိုအား လျော့ကျစေနိုင်သည့် အမေရိကန်စီးပွားရေးနှင့် ဘဏ်ပြဿနာများ၊ ဂျပန်ယန်းအားပျော့လာမှုကြောင့် ဂျပန်သုံးစွဲသူများ ၏ ဝယ်ယူမှုကျဆင်းလာခြင်းတို့ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ငွေကြေးဖောင်းပွမှုပြဿနာသည် အမေရိကန်၊ ဥရောပနှင့် ဂျပန်ဈေးကွက်များရှိ ဝယ်လိုအားကို အကန့်အသတ်ဖြစ်စေပါကြောင်း၊ နာနတ်သီး၊ ပီလောပီနံ၊ ပုဇွန်နှင့် တူနာကဲ့သို့သော ကုန်ကြမ်းများကို အသုံးပြုသည့် အဓိကအစားအစာထုတ်လုပ်မှုကိုလည်း လျော့ကျစေနိုင်ပါကြောင်း ဆိုပါသည်။

ယခုနှစ် ပထမ ၃ လပတ်အတွင်း အစားအစာပို့ကုန်တန်ဖိုး ဘတ် ၃၄၆ ဘီလီဘံ ရှိကြောင်း၊ ၁၀ ရာခိုင်နှုန်း မြင့်တက်လာပါကြောင်း၊ ယင်းအစားအစာများတွင် သကြား၊ ဆန်၊ ကြက်သားနှင့် လတ်ဆတ်သောသစ်သီးများ ပါဝင်ပါကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် အစားအစာထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာခြင်း၊ အစားအစာလုံခြုံစိတ်ချမှုအပေါ် အလေးထားလာခဲ့ခြင်း၊ ယူကရိန်းပဋိပက္ခနှင့် အယ်လ်နီနို (El Nino) ဖြစ်စဉ်များကြောင့် ဆိုးရွားလာသော ရာသီဥတုတို့ကြောင့်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းချုပ်၊ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် National Food Institute တို့က ပူးတွဲထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အစီရင်ခံစာတွင် သကြား ဘတ် ၄၀.၃ ဘီလီယံ၊ ဆန် ဘတ် ၃၈.၁ ဘီလီယံ၊ ကြက်သား ဘတ် ၃၆.၂ ဘီလီယံနှင့် လတ်ဆတ်သောသစ်သီးများ ဘတ် ၂၇.၅ ဘီလီယံတို့ဖြင့် အသီးသီးတိုးမြှင့် တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပို့ကုန်ပမာဏ ဘတ် ၇၆၆ ဘီလီယံ (၅.၂ ရာခိုင်နှုန်း) တိုးတက်ရန် ခန့်မှန်းထားကြောင်း Ms. Anong က ပြောကြားခဲ့ပါသည်။

 

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Source: www.bangkok.gov

Category: Thailand