Thailand

GAC Aion New Energy Automobile က လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle –EV) စက်ရုံကို ထိုင်းနိုင်ငံ Eastern Economic Corridor (EEC) တွင် ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ ဆောက်လုပ်ရန်စီစဉ်ထား

Last Updated:

တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး EV ရောင်းချသူ Guangzhou Automobile Corporation (GAC) ၏ လက်ခွဲဖြစ်သော GAC Aion New Energy Automobile က ၎င်း၏ လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle –EV) စက်ရုံသစ်ကို ထိုင်းနိုင်ငံ Eastern Economic Corridor (EEC) တွင် ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ ဆောက်လုပ်ရန် စီစဉ်ထားကြောင်း၊ စက်တင်ဘာ ၉ ရက်နေ့ကကြေညာခဲ့သည့် Aion Y Plus ကို တပ်ဆင်သွားရန် မျှော်လင့်ပါကြောင်း GAC Aion ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Gu Huinan က ပြောကြားခဲ့ပါသည်။

ကုမ္ပဏီအနေဖြင့် EEC သို့ သွားရောက်ကြည့်ရှုခဲ့ပြီး စက်ရုံဆောက်လုပ်မည့်နေရာကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုမည့် အခြေခံအဆောက်အအုံများ လိုအပ်နေပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရက EEC ကို နိုင်ငံ၏ နည်းပညာမြင့် စက်မှုအချက်အခြာဖြစ်စေလို ကြောင်း၊ EV နှင့် ဘတ္တရီ စက်ရုံများကို ၃ နှစ်မှ ၅ နှစ်အတွင်း ဆောက်လုပ်သွားမည်ဖြစ်ပြီး ဘတ် ၆ ဘီလီယံ သုံးစွဲသွားရန် ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

GAC Aion က ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ပြန်လည်ပြင်ဆင်နေပါကြောင်း၊ စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို အာဏာပိုင်များထံ တင်ပြခွင့်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဘဏ္ဍာငွေနှင့် နှစ်စဉ်ထုတ်လုပ်မည့် EV အရေအတွက်ကို စဉ်းစားနေပြီဖြစ်ပါကြောင်း၊ စီမံကိန်း၏ ပထမအဆင့်အနေဖြင့် EV အစိတ်အပိုင်းများကို ထိုင်းနိုင်ငံတွင်းသို့ တင်သွင်းလာပြီးနောက် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်တွင် ပြည်တွင်း၌ ထုတ်လုပ်ရန် EV ၏ အဓိကအစိတ်အပိုင်းများကို စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စီမံကိန်းအစီအစဉ်ကို ထုတ်ဖော် ပြောကြားပါသည်။

၂၀၂၃ ခုနှစ်တွင် Aion Y Plus ကို ထိုင်းနိုင်ငံတွင်း၌ ရောင်းချမည်ဖြစ်ကြောင်း၊ အားကစားသုံး မော်တော်ယာဉ်အမျိုးအစားဖြစ်ပြီး ဈေးနှုန်းမှာ ဘတ် ၁.၀၆ သန်းမှ ဘတ် ၁.၂ သန်း အတွင်း ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံရှိ အဓိကမြို့တော်များတွင် အရောင်းပြခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အ‌ရောင်းပြခန်း ၃၀ ခန်းကို တည်ဆောက်ပြီးဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းအထိ အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာ အခု ၅၀ ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ Aion Automobile Manufacturing and Aion Automobile Sales (Thailand) ၏ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ Mr. Ocean Ma က ဖြည့် စွက်ပြောကြားပါသည်။

တရုတ်နိုင်ငံပြင်ပတွင် GAC Aion ၏ ရင်းနှီးမြှုပ်နှံမှုနေရာအဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်ရခြင်းမှာ အာဆီယံတွင်း၌ အဓိကမော်တော်ယာဉ် ထုတ်လုပ်သည့် အခြေစိုက်ဖြစ်ခြင်း၊ ဝယ်လိုအားမြင့်မားသော EV ဈေးကွက်ရှိခြင်းနှင့် EV  နယ်ပယ်ကို မြှင့်တင်လိုသည့် အစိုးရ၏ မူဝါဒရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း Mr. Gu က ပြောကြားပါသည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand